ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရှိ ရဲကင်းစခန်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် တို့၏ မိသားစုဝင်များကို AA အနေဖြင့် တောင်းပန်သွားမည်ဖြစ်ကြောင်း RFA နှင့် အင်တာဗျူး တစ်ခုတွင် ရက္ခိုင့်တပ်မတော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပြောဆိုထားသည်။ သေဆုံးသွားသည့် ရဲဒုတပ်ကြပ် အောင်ကျော်မြ၏ ဇနီးဖြစ်သူက ၎င်း၏ ခင်ပွန်းသေဆုံးခဲ့မှုအတွက် မည်သည့်ဘက်ကိုမှအပြစ်မမြင်ဘဲ တောင်းပန်ခြင်းထက် နှစ်ဘက်စစ်ပွဲများကိုရပ်စဲကာ ငြိမ်းချမ်းအောင် လုပ်ပေးစေလိုကြောင်း ပြောသည်။
“တောင်းပန်တာထက် ဒီတိုက်ပွဲကို ငြိမ်းချမ်းအောင်လုပ်ပေးတာကို ကျွန်မလိုချင်တယ်။ ကျွန်မတို့ မှာက ဆုံးရှုံးသွားပြီ၊ ဘာတစ်ခုမှမတတ်နိုင်တော့ဘူး။ တစ်ယောက်မှ အပြစ်မတင်ချင်ဘူး။ ပြောချင်တာကတော့ ကျွန်မတို့လိုမျိုး မသေစေချင်ဘူး။ ဒီလိုမဖြစ်ရအောင် ဆန္ဒတစ်ခုသာရှိပါတယ် ” ဟု ပြောသည်။
ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က RFA နှင့် တွေ့ဆုံဖြေကြားရာတွင် ယိုးတရုပ်ရဲ စခန်း တိုက်ခိုက်ခံရမှုတွင် ရခိုင်လူမျိုးရဲတပ်ဖွဲ့ဝင်များပါဝင်သည့်အတွက် ၎င်းတို့၏ မိသားစုဝင်များအား တောင်းပန်းလိုကြောင်း ပြောဆိုထားသည်။
“သေသွားတဲ့အထဲမှာ ရခိုင်တွေပါတယ်။ အဲဒီရဲတွေ၊ မိသားစုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တောင်းပန်လိုတယ်။ သူတို့ကိုလည်း အချိန်ကာလတစ်ခုမှာ သင့်တော်တဲ့ အချိန်ကာလတစ်ခုနဲ့ အခြေအနေတစ်ခု ပေးလို့ရှိတယ်။ လူကိုယ်တိုင်ဖြစ်ဖြစ်၊ ဖုန်းဖုန်းနဲ့ဖြစ်ဖြစ် အကြောင်းကြားပြီးတော့ အသိပေးပြီးတော့ တောင်းပန်သွားဖို့ အစီစဉ်တွေရှိပါတယ်။”ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရဲကင်းစခန်းကို ရက္ခိုင့်တပ်မတော် AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့သည်။ သို့သော် ယနေ့အချိန်ထိ ရက္ခိုင့်တပ်မတော်ဘက်မှ တစ်စုံတစ်ရာ ဆက်သွယ်တောင်းပန်ခြင်း မရှိသေးကြောင်းလည်း သိရသည်။







