မြောက်ဦးမြို့နယ်တွင် စခန်းမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

မြောက်ဦးမြို့နယ်တွင် စခန်းမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ၊တိမ်ညိုကျေးရွာ ရဲစခန်းစခန်းမှူးမှာ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ စခန်းမှူးရဲအုပ်ကျော်ကျော်လှဖြစ်ပြီး  တိမ်ညိုရွာမြောက်ပိုင်း တပ်မတော် ထောက်ပို့တပ်အနီး စားသောက်ဆိုင်တွင်  သေနတ်ဖြင့် နှစ်ချက်ပစ်ခံရပြီး ဒဏ်ရာဖြင့် မြောက်ဦးဆေးရုံသို့ ယူဆောင်သွားရာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တိမ်ညိုရွာသားတစ်ဦး က  DMG ကို ပြောသည်။

“ မနေ့ည ၈ နာရီခန့်မှာ တိမ်ညိုရွာ မြောက်ပိုင်းက စားသောက်ဆိုင်မှာရှိနေချိန် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့သိရပါတယ်။  သေနတ်ဒဏ်ရာကတော့ နားထင်မှာတစ်ချက် ရင်အုံမှာ တချက်ထိတယ်လို့ သိရတယ်။ ကျွန်တော်က ကိုယ့်အိမ်ကနေ သေနတ်သံ နှစ်ချက်တော့ ကြားလိုက်တယ် ” ဟုပြောသည်။

တိမ်ညိုကျေးရွာရဲစခန်းမှူး လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ယခုလိုပြောသည်။

“ တိမ်ညိုစခန်းမှူး မနေ့က ညပိုင်းမှာ လုပ်ကြံခံရပြီး ဆေးရုံတင်ထားရတယ်။ ဆေးရုံမှာ ဆုံးတယ်လို့တော့ သတင်းရတယ် ” ဟုပြောသည်။

ယင်းအပြင် စခန်းမှူး လုပ်ကြံခံရ၍ သေဆုံးရခြင်းမှာ မှန်ကန်ကြောင်းနှင့် ယင်းဖြစ်စဉ်အား အတိကျသိရန် စုံစမ်းနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ဆိုသည်။

“ လောလောဆယ်တော့ စုံစမ်းဆဲပါ။ လုပ်ကြံခံရတာ၊ သေဆုံးတာတော့ မှန်တယ်။ ဘယ်လိုဖြစ်တာလဲဆိုတာကတော့ ပြောလို့မရသေးဘူး။ ” ဟု ရဲမှူးကြီးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ရဲစခန်းမှူးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က ရက္ခိုင့်တပ်မတော် AA မှ သေနတ်ကျည်ဆံတစ်ထောင့်နှင့် သတိပေးစာ ပေးပို့ခံထားရသူလည်းဖြစ်သေည်။

သို့သော် ယင်းသေဆုံးမှုဖြစ်စဉ်တွင် ရက္ခိုင့်တပ်မတော်မ AA နှင့် ပတ်သတ်မှုမရှိကြောင်းနှင့် ယခင်က စခန်းမှူးအား AA အောက်ခြေတပ်မှူးများမှ သတိပေးချက် ပေးပို့ထားသော်လည်း သူ့တို့အား တစ်စုံတစ်ခု မဖြစ်စေလိုသဖြင့် အသိပေးထားခြင်းသာဖြစ်ကာ လုပ်ကြံခဲ့ရခြင်းမှာ AA မှ မဟုတ်ဘဲ တမ်မတော်ဘက်မှ လုပ်ကြံခြင်းလည်းဖြစ်နိုင်ကြောင်း ခိုင်သုခက DMG ပြောသည်။

“ မနေ့က ပစ်သတ်ခံရတဲ့နေရာမှာက စစ်တပ်က ကင်းလှည့်နေတဲ့နေရာထဲမှာ ဖြစ်နေတယ်။ အဲဒီမှာ တစ်စုံတစ်ယောက်ကဝင်ပြီး လုပ်ကြံဖို့ဆိုတာ ဖြစ်နိုင်တဲ့ နေရာလည်းမဟုတ်။ ကျွန်တော်တို့ သတိပေးချက် ထုတ်ပြန်တာကို အခွင့်ကောင်းယူပြီး စစ်တပ်က လုပ်ကြံတာလည်းဖြစ်နိုင်တယ် ” ဟု ခိုင်သုခ ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG မှ ဆက်သွယ်မေးမြန်းရာ၌ ယခုလိုဖြေကြားခဲ့သည်။

 “ အဲဒါက မဟုတ်ဘူးဗျာ။ ဒါက စွပ်စွဲချက်တစ်ခုပဲဗျာ။ ကျွန်တော်တို့က လုံခြုံရေးတပ်ဖွဲ့ အချင်းချင်းကို ဘယ်လိုလုပ်ပြီး ပစ်သတ်မှာလဲ။ ဒါက AA က ဖြစ်ဖို့များတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ AA က ဒီရဲအုပ်ဆီကို စာနဲ့  Warning (သတိပေး) ထားတာရှိတယ်။ အဲဒါကြောင့်မို့လို့  ဒီလိုဟာမျိုး မကြာခဏ အပြစ်မဲ့ပြည်သူကို လုပ်ကြံသတ်ဖြတ်တာတို့ အများကြီးပဲ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...