စစ်တွေမြို့၊မိဇံရပ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရခိုင်ရိုးရာဖေါ်ထုတ်ထိန်းသိမ်းရေးကော်မ တီမှကျင်း ပသည့် သြင်္ကန်ပွဲတော်ကို ယခုနှစ်တွင် ကျင်းပတော့မည် မဟုတ်ကြောင်း ၎င်းကော်မတီမှ သိရသည်။
နှစ်စဉ်ကျင်းပနေသော ရခိုင်ရိုးရာဖေါ်ထုတ်ထိန်းသိမ်းရေးသြင်္ကန်ပွဲတော်ကျင်းပရေးကော်မတီအနေဖြင့် အစည်း အဝေးမကျင်းပရသေးသော်လည်း တစ်ဦးချင်းသဘောထားများအရ ကျင်းပရန်မသင့်ကြောင်း သဘောတူထားကြပြီး ပျော်ပွဲရွှင်ပွဲများပြုလုပ်မည့် ငွေကြေးများကို စစ်ရှောင်စခန်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူ ဦးဝိုင်းမောင်က ပြောသည်။
“ဘာကြောင့် မကျင်းပသင့်လဲဆိုတော့ ယခုလို မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့ မြို့နယ်တွေမှာ စစ်ဖြစ်နေပြီး စစ်ဘေးရှောင်တွေ အများကြီး ဖြစ်နေတဲ့အခါ အခုလို ပျော်ပျော်ပါးပါး သြင်္ကန်ကို ကျင်းပမယ့် အစား ကုန်ကျမယ့် ပိုက်ဆံတွေကို ဒုက္ခသည်တွေကို ပေးသင့်တယ်ဆိုပြီး အများကပြောပြတောင်းဆိုလာကြတဲ့အတွက် မကျင်းပတော့တာဖြစ်တယ်”ဟု ၎င်းကပြောသည်။
ရန်ကုန်းတိုင်းဒေသကြီးတွင် နှစ်စဉ်ကျင်းပသော ရခိုင်ရိုးရာသြင်္ကန်ပွဲတော်ကိုလည်း ယခုနှစ်တွင် ကျင်းပသင့်၊မသင့်ကို လာမည့် စနေ့နေ့နှင့် တနင်္ဂနွေနေ့များတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကပြောသည်။
“အဲဒါကတော့ ပြောလို့မရသေးဘူး။ ယခုလာမယ့် စနေ၊တနင်္ဂနွေနေ့တွေမှာ အစည်းအဝေးပြန်ထိုင်မှာ ဖြစ်တယ်။ကျင်းပဖို့တော့ များတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကပြောသည်။
အလားတူ စစ်တွေမြို့၊ ထန်းပင်ရင်း ရပ်ကွက်တွင်လည်း နှစ်စဉ်ကျင်းပနေသည့် ရခိုင်တေးခြင်းအဆို ပြိုင်ပွဲကို ယခုနှစ်တွင် ကျင်းပရန် သင့်မသင့် အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်တေးခြင်း ဆိုပြိုင်ပွဲ ဥက္ကဌ ဦးအလှမောင် ကပြောသည်။







