မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်ဖက်ပြည်သူများ၊ ထိ ခိုက်မှုများနှင့် အသက်ဆုံးရှုံးမှုများ မြောက်ဦးမြို့ပေါ်ပစ်ခတ်မှုတွင် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များ၊ ပျက်စီးမှုများကို စနစ်တကျပြုစုပြီး သမ္မ၊နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ လူ့အခွင့်အရေးကော်မရှင်နှင့်အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများအား တင်ပြနိုင်ရန် ရခိုင်အမျိုးသားပါတီက စုံစမ်းရေးကော်မရှင် ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
ယင်းကော်မရှင်တွင် ပါတီ ဒု-ဥက္ကဌ ဒေါ်အေးနုစိန်၊အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်နှင့် ဦးဦးလှ စောတို့အပါအဝင် ပါတီဝင် စုစုပေါင်း(၉)ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
မြောက်ဦးမြို့တွင် တပ်မတော်ဘက်က ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း တပ်မတော်နှင့် မီဒီယာအချို့၏ရေးသားမှုမှာ လွဲမှားမှု ရှိနေသောကြောင့် စနစ်တကျ ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ကော်မရှင် ဖွဲ့စည်း ရခြင်းဟု ဒေါ်အေးနုစိန်က ဆိုသည်။
“အဲဒါတွေ(တပ်မတော်၊မီဒီယာ)က AA ကလုပ်တာဆိုပြီးတော့ ထုတ်ပြန်တယ်။ AA ကလည်း သူတို့မဟုတ် လို့ပြောတယ်။ အဲဒီမှာ ဘယ်သူလုပ်သလဲ ဆိုတာကိုတော့ ပြည်သူတွေအားလုံးသိကြတယ် ” ၎င်းကပြောသည်။
အဆိုပါ ကော်မရှင်သည် (၇)ရက်အတွင်း အပြီးသတ် အစီရင်ခံစာ ပြုစုပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ တင်ပြရမည်ဖြစ်သည်။ ကော်မရှင်သည် မြောက်ဦးပါအဝင် ဘူးသီးတောင်၊ပုဏ္ဏားကျွန်း ၊ကျောက်တော် စသည့် မြို့နယ်များသို့လည်း စုံစမ်းရန်သွားရောက်မည်ဖြစ်သည်။
ယခင်က ရခိုင်ပြည်နယ်အတွင်း ဖွဲ့စည်းခဲ့သော အစိုးရနှင့် နိုင်ငံရေးပါတီများအဖွဲ့အစည်းများမှာ လုပ်ဆောင် မှု အားနည်းသည်ကိုတွေ့ရှိရပြီး ယခုဖွဲ့စည်းလိုက်သည့်ကော်မရှင်အား စောင့်ကြည့်မည်ဟု ကျောက်တော်မြို့မှ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းက ပြောသည်။
“ လက်ရှိပြည်ထောင်စုအစိုးရဖွဲ့စည်းတဲ့ အဖွဲ့စည်းထက် အခုလိုဖွဲ့စည်းလိုက်တာကို ကြိုဆိုတယ်။ဒါပေမယ့် ဒီကော်မရှင်ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ်လည်း အလုပ်လုပ်စေချင်ပါတယ်။ လုပ်နိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ရပါမယ်”ဟု ၎င်းကဆိုသည်။
မြောက်ဦးတွင် တပ်မတော်ပစ်ခတ်မှုကြောင့် ဒေသခံများဒဏ်ရာရရှိမှုများနှင့် ရှေးဟောင်းစေတီပုထိုးများ ပျက်စီး မှုများရှိသည်ဟု ဒေသခံများပြောကြားသည်။သို့သော် AA သည် ရှေးဟောင်းစေတီပုထိုးများ၊လူနေအိမ်များနှင့် စသည့်နေရာများမှ ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခြင်းဟု တပ်မတော်ဘက်က တုန့်ပြန်ထားသည်။







