NCA လက်မှတ်မထိုးထားသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ ဖိတ်ကြားခြင်းသည် အကောင်းဘက်သို့ တိုးတက် လာမှုဟု ရက္ခိုင့်တပ်မတော်(AA)ဘက် ရှုမြင်သည်။
"ဘာမှစကားမပြောဘဲ နေတာထက်စာရင်တော့ တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံတယ်ဆိုရင် ဒါကတော့ ကောင်းတဲ့ ဘက်ကို တိုးတက်မှုလို့တော့ ပြောလို့ရတယ် " ဟု AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက DMG ကို ပြောသည်။
ရက္ခိုင့်တပ်မတော်(AA)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် NRPC တို့ လာမည့် မတ်လ ၂၁ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး AA ဘက်က ဗိုလ်မှူးကြီးကျော်ဟန်ဦးဆောင် သည့် အဖွဲ့က တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။ ယခုဆွေးနွေးပွဲနှင့်ပတ်သက်ပြီး AA ၏ မျှော်လင့်ချက်မည်သို့ရှိသည်ကို DMG က မေးမြန်းရာ ဆွေးနွေးပွဲ ပြီးမှသာ သိရမည်ဟုဆိုသည်။
"ကောင်းတာဖြစ်လာမလား၊ ဆိုးတာဖြစ်လာမလားဆိုတာကတော့ အစည်းအဝေးပြီးမှပဲ သိရမယ်" ဟု ခိုင်သုခက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းဗဟိုဌာနနှင့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ကြားတွေ့ဆုံပွဲတွင် မည်သည့်သဘောတူညီချက်မှ မရရှိဘဲ ဆွေးနွေးချက်များကို အထက်သို့ တင်ပြမည်ဟုဆိုကာ တွေ့ဆုံပွဲပြီးဆုံးသွားခဲ့သည်။
ထို့နောက်တွင် ယခုတဖန် ငြိမ်းချမ်းရေး ဆွေးနွေးမည့် အစီအစဉ် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုဆွေးနွေးပွဲအားတက်ရောက်ရန် ‘ ဝ ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ကို ဖိတ်ခေါ်ထားပြီး အားလုံး တက်ရောက်ကြမည် ဖြစ်သည်။
လတ်တလော ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးသ မားများက တိုက်တွန်းကြသည်။







