ရခိုင်အရေးကိစ္စများ ဆောင်ရွက်ရာတွင် ရခိုင်လူထုနှင့် ကြိုတင်ဆွေးနွေးမှုများ လုပ်ဆောင်သင့်

ရခိုင်အရေးကိစ္စများ ဆောင်ရွက်ရာတွင် ရခိုင်လူထုနှင့် ကြိုတင်ဆွေးနွေးမှုများ လုပ်ဆောင်သင့်

အပစ်ရပ်စဲမှု ချန်လှပ်ထားခြင်းခံရသည့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲ ပိုမိုပြင်းထန်နေမှုကြောင့် လူပေါင်းသောင်းနှင့်ချီကာ စစ်ဘေးဒုက္ခသည်ဘဝသို့ ရောက်ရှိနေကြချိန်တွင် “ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ” ကို နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၄ ရက်တွင် ဖွဲ့စည်းလိုက်သည်။

ထိုကော်မတီသည် ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန်အတွက်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြသည်။

ကော်မတီတွင် အဖွဲ့ဝင်အဖြစ် အမည်ပါဝင်သူ ရခိုင်လွှတ်တော်အမတ် ဦးဦးလှစောနှင့် ဒေါ်ထုမေတို့ကို ကော်မတီဖွဲ့စည်းရာတွင် တစ်စုံတစ်ရာ ကြိုတင်အသိပေးခြင်း၊ သဘောထားရယူခဲ့ခြင်း မရှိဟု ဆိုကြသည်။

“အကြောင်းကြားတာ၊ ဖုန်းဆက်တာလည်းမရှိ၊ ကျနော်ရဲ့ သဘောတူညီမှု တစ်ခုမှ မယူဘဲ ကော်မတီဖွဲ့စာ ထွက်လာတယ်။ ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို ကြည့်ရင်လည်း အလွန်တရာ ကျဉ်းမြောင်းပြီးတော့ တစ်ခုမှ မရေမရာ။ ပါဝင်ဖို့က ကျနော်ကတော့ လုပ်စရာ အကြောင်းမရှိဘူးလေ။ ကျနော် သိလည်း မသိဘူးလေ ” ဟု ပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောက ပြောသည်။

ကော်မတီတွင် ပါဝင်သင့်၊ မသင့် စဉ်းစားမည်ဖြစ်ပြီး ရခိုင်ပြည်သူလူထုအတွက် အကျိုးရှိမည်ဆိုပါက လုပ်ဆောင်မည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

“အထူးသဖြင့် ကိုယ်တို့ရခိုင်ကိစ္စတွေကို ဆောင်ရွက်ဖို့ ကိစ္စတွေမှာ ညှိနှိုင်းတိုင်ပင်တာ အကောင်းဆုံး ဖြစ်ပါမယ်။ အခု ညှိနှိုင်းတိုင်ပင်မှု မရှိခဲ့တော့ ကျမတို့ လူမှုကွန်ရက်မှာ သိရတယ်ဆိုရင်တော့ အစကတည်းက ညှိနှိုင်းတိုင်ပင်ပြီးတော့ ရခိုင်အကျိုးစီးပွားအတွက် တကယ် လုပ်ဖို့လိုအပ်တယ်လို့ ကိုယ့်ကို ညှိနှိုင်းတိုင်ပင်လာရင်တော့ အကောင်းဆုံးဖြစ်ပါမယ် ” ဟု ၎င်းကဆိုသည်။

ရခိုင်အရေးဆောင်ရွက်မည်ဆိုပါက အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထိပ်ပိုင်းခေါင်းဆောင် စောမြရာဇာလင်းက ပြောသည်။

“အမှန်က ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေး ကိစ္စတွေကို စဉ်းစားတဲ့အခါမှာ အပစ်အခတ်ရပ်စဲထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ၊ ဘယ်လိုပဲပဲဖြစ်ဖြစ် ဆွေးနွေးသင့်တယ်။ ပါသင့်တယ်။ ထိုနည်း၎င်း ပါတီကြီးတွေက ခေါင်းဆောင်တွေ ပါသင့်တယ်။ အရေးပါတဲ့ CSO ခေါင်းဆောင်တွေ ပါသင့်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီးမှ အစိုးရဘက်က ဆွေးနွေးပြီးတော့ ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေး ကိစ္စတွေကို လုပ်တာလည်းကောင်း၊ ဖိတ်ခေါ်ပြီးမှ ဆွေးနွေးပြီးမှ လုပ်တာက ပိုအကျိုးရှိပါတယ် ” ဟု ၎င်းက ဆိုသည်။

ကော်မတီတွင် ရခိုင့်နိုင်ငံရေးသမားများနှင့် စစ်ဘက်၊ အရပ်ဘက်က ပုဂ္ဂိုလ်များလည်း ပါဝင်ကြသည်။ ဥက္ကဋ္ဌ တာဝန်ကို အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးအေးသာအောင်ကို ပေးထားပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါဝင် စုစုပေါင်းပုဂ္ဂိုလ် ၁၄ ဦး ပါဝင်သည်။

ကော်မတီသည် အစိုးရ၏ မူဝါဒများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခြင်း၊ ငြိမ်းချမ်းရေးအတွက် ကွင်းဆင်းလေ့လာခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ပြည်သူများအကြား လိုအပ်သည့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန် စသည်တို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...