ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ယနေ့အထိ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်ဦးရေမှာ လက်ရှိအချိန်တွင် ၁၃၁၀၀ ကျော်ထိ တိုးလာနေသည့်အတွက် နိုင်ငံတကာအကူညီများကို ဖွင့်ပေးသင့်ကြောင်း ရခိုင်အခြေစိုက် လူမှုအဖွဲ့အစည်းများက အကြံပြုပြောဆိုကြသည်။
စစ်ဘေးရှောင်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် ရှိနေပြီး ယင်းအထဲမှ မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင် အများဆုံးဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက DMG ကို ပြောသည်။
“လက်ရှိ ယနေ့ အချိန်ထိ စစ်ဘေးရှောင်ပြည်သူတွေ ၁၃၁၀၀ ကျော်ရှိလာနေပြီ။ အဲဒီအထဲကမှ မြောက်ဦးမြို့နယ်မှာ အများဆုံးတွေ့ရတယ်။ ၃၇၀၀ ကျော်တောင် ရှိနေတယ်။” ဟု ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အစိုးရအနေဖြင့် ထောက်ပံ့မှုများ မရှိသလောက် အားနည်းနေပြီး အသစ်တိုးလာသော စစ်ရှောင်စခန်းများတွင်လည်း လူမှုကူညီရေးအဖွဲ့များ မရောက်သေးသည့်အတွက် အခက်ခဲများရှိနေကြောင်း ဦးဇော်ဇော်ထွန်းက ပြောသည်။
“ စားဝတ်နေရေးအတွက် မနေ့ကနဲ့ ဟိုနေ့က အသစ်ဖွင့်လာတဲ့ စခန်းတွေရှိတယ်။ ကျောက်တော် အောင်ဇေယျ၊ မြောက်ဦး၊ ယိုးတရုပ်တို့မှာ ရှိနေပြီး အဲဒီနေရာတွေမှာ စားနပ်ရိက္ခာကို နီးစပ်ရာကျေးရွာတွေက ကူညီနေတာဖြစ်ပြီးတော့ ကူညီကယ်ဆယ်မှုတွေ မရောက်သေးဘူး။ ဒါကြောင့် လက်ရှိမှာ အခက်ခဲတွေရှိနေတာပါ” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ဗုဒ္ဓေါကျေးရွာအနီး တိုက်ပွဲများတွင် ဂျတ်တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေမှုကြောင့် ယင်းအနီးနားမှ လမ်းပိုက်ခွင်၊ မီးရပ်ပြင်၊ ပန်းဖဲချောင်း၊ အုံးပတီးရွာသစ် ချောင်းတူ စသော ကျေးရွာသားများမှာ ကြောက်လန့် ထွက်ပြေးလာကြပြီး ကျောက်တော်မြို့နယ် အောင်ဇေယျ၊ ဗိုလ်မင်းရွာ၊ သံပြင်ကျေးရွာတို့တွင် ရောက်ရှိနေကြသည်။
လတ်တလောတွင် စစ်ဘေးရှောင်များအတွက် ကျေးရွာသားများက စားနပ်ရိက္ခာတစ်ချို့ကို ကူညီပေးထားသော်လည်း နောက်ရက်များဆိုလျှင် အကူအညီများ မဖြစ်မနေ လိုအပ်လာမည်ဟု အောင်ဇေယျကျေးရွာ ကျောင်းထိုင်ဆရာတော်က DMG ကို မိန့်ကြားသည်။
“ဒီမှာ စစ်ဘေးရှောင် ၃၀၀ ကျော်ရှိနေပြီ။ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေ တစ်ခုမှမရောက်သေးဘူး။ ရွာသားတွေကပဲ လောလောဆယ် အဆင်ပြေသလို ကူညီပေးထားရတယ်။ နေထိုင်စားသောက်ရေး အခက်အခဲတွေ အများကြီးရှိနေတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေ ဒီကိုလာပြီးတော့ ကူညီပေးစေချင်ပါတယ်” ဟု မိန့်ကြားသည်။
စစ်ပွဲဖြစ်ပွားမှု အချိန်လေးလကျော် ကြာမြင့်လာသည်နှင့်အမျှ မြို့နယ် ၅ ခုတွင် စစ်ရှောင်များကို ကူညီနိုင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများကို ကန့်သတ်ထားမှုများ ရှိနေသည့်အတွက် လူဦးရေ ၉၅၀၀၀ တို့ ဆိုးရွားသည့် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုဆိုင်ရာ အခြေအနေပေါ်တွင် ပြင်းထန်သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး ၊ ဥရောပအဖွဲ့ဝင်နိုင်ငံသံရုံးများ ၊ ကနေဒါ နှင့် နော်ေ၀ သံရုံးတို့က မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
“အဓိကတော့ စစ်ရှောင်ကို ကူညီနိုင်ဖို့ နိုင်ငံတကာအကူညီရအောင်ကို ဖွင့်ပေးရပါမယ်။ အစိုးရကလည်း အကူအညီ မပေးနိုင်သလို၊ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် စစ်ရှောင် IDP တွေကို လူကယ်ပြန်ဝန်ကြီးတို့တောင် လာမကြည့်ဘူး။ ငွေကြေးကို လေဆိပ်မှာ၊ ခန်းမလောက်မှာ လှူခဲ့တဲ့ အခြေအနေမျိုးပဲရှိတယ်” ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။







