တိုင်းရင်းသားချင်း တိုက်ပွဲကြား မန်လီဒေသခံ ၁၀ ဦး ပျောက်ဆုံး

တိုင်းရင်းသားချင်း တိုက်ပွဲကြား မန်လီဒေသခံ ၁၀ ဦး ပျောက်ဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါနှင့် နမ္မတူမြို့ ကားလမ်းပေါ်ရှိ မန်လီ ကျေးရွာ အနီးတွင် မတ် ၁ ရက် တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကာ ဒေသခံ ၁၀ ဦးပျောက်ဆုံးမှုများရှိနေသည်ဟု သတင်းရရှိသည်။

အဆိုပါ တိုက်ပွဲသည် မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် SSPP ၊ TNLA နှင့် RCSS တို့ကြားဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှ မန်လီကျေးရွာ အမျိုးသား ၁၀ ဦး ပျောက်ဆုံးနေခြင်းဖြစ်သည့် ဟု မန်လီ ကျေးရွာ ဒေသခံများက ပြောဆိုကြသည်။

“ မတ် ၁ ရက် နဲ့ မတ် ၂ ရက်နေ့က တိုက်ပွဲတွေပြင်းထန်တယ်။ လူတွေက လည်း ဟိုပြေး ဒီပြေးနဲ့ ဘယ်သူ ပျောက်လို့ ပျောက်မှန်းမသိဘူး။ ၃ ရက်နေ့မှ သူတို့ပျောက်သွားတာ သိရတယ်။ အဲ့ထဲမှာ ပရဟိတ လုပ်နေတဲ့ ကိုစိုင်းငယ်လည်း ပါဝင်ပါတယ်” ဟု ချောင်းဆာအုပ်စု မန်လီကျေးရွာ အုပ်ချုပ်ရေးမှူး ကိုသာဦး က ပြောသည်။

ပျောက်ဆုံးသွားသည့် ပရဟိတ လုပ်ဆောင်နေသည့် ကိုစိုင်းငယ်နှင့် အတူ ကျန် သူများကို နောက်ဆုံး မတ် ၁ ရက်နေ့တွင် မန်လီ မိုးတေ တံတား အနီးတွင် တွေ့မြင်ခဲ့ရကြောင်း၊ ကိုစိုင်းငယ်သည် ရွာတွင် ကျန်သည့်သူများကို ကယ်ထုတ်ရန် အသွား ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း မည်သည့် အဖွဲ့ခေါ်ဆောင်သွားသည်ကို မသိရှိသေးကြောင်း လည်း ကိုသာဦးက ပြောသည်။

“ ပျောက်ဆုံးနေတဲ့သူတွေကတော့ ဓနု၊ သျှမ်း နဲ့ ပလောင်လူမျိုးတွေပါ။ မန်လီကျေးရွာ အနီးမှာ ကားမီးရှို့ထားတာတွေ့ရတယ်။ ဒါက ဘယ်သူကား၊ ဘယ်သူပစ်တယ်ဆိုတာလည်း ကျနော် မသိဘူး” ဟု ကိုသာဦးက ဆက်ပြောသည်။

ထို့အပြင် သီပေါမြို့ မှ မန်လီ ကျေးရွာ သို့ သွားမည့်လမ်းတွင် မြန်မာ့တပ်မတော်မှ လုံခြုံရေး ယူထားပေးကြောင်း၊ ကျေးရွာ အတွင်း ပစ်ခံထားရသည့် မိုင်းများ၊ ကျည်များကိုလည်း တပ်မှရှင်းလင်းပေးနေကြောင်း မန်လီ ဒေသခံများက ပြောပြသည်။

“ ဘယ်အဖွဲ့ ပဲ ခေါ်သွားခေါ်သွား ကျနော် ရွာသား တွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုချင်တယ်။ သူတို့တွေမှာ ကလေး၊တွေ မိန်းမတွေနဲ့ အသက်ကြီးတဲ့ မိဘတွေရှိပါတယ်။ ရွာသားစစ်စစ်တွေပါ” ဟု လည်း ကိုသာဦးက ဆိုပြန်သည်။

တိုင်းရင်းသား အချင်းချင်း တိုက်သည့် စစ်ကြောင့် သီပေါမြို့နယ် အတွင်း ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၂၄၀၀ ကျော် ရှိကာ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...