ရသေ့တောင်မြို့နယ်၊သာစည်ထောင့်ကျေးရွာက မတ်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် လယ်သမား တစ်ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သူ၏ ဇနီးဖြစ်သူ ဒေါ်ဘုမချေက DMG ကိုပြော သည်။
ဖမ်းဆီးခံရသူ ဦးမောင်ဘုစိန်မှာ မိမိရွာမှ တစ်မိုင်ခန့်ဝေးသော ဥယာဉ်ခြံသို့သွားရောက်စဉ် ဖမ်းဆီးခံ လိုက်ရခြင်းဖြစ်သည်ဟု ဒေါ်ဘုမချေက ပြောသည်။
"မနေ့က မနက် ၁၀ နာရီလောက်မှာ ထမင်းလာပို့ဖို့ ဖုန်းဆက်ပါတယ်။ ထမင်းပို့ဖို့ လုပ်နေတုန်းမှာ ဖုန်းဝင်လာပါတယ်။ ထမင်းလာမပို့ပါနဲ့တော့ ငါပြန်လာနိုင်မှာမဟုတ်ဘူး။ ငါ့ကို စစ်တပ်ကဖမ်းထားတယ် လို့ဖုန်းဆက်ပြောတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားထားသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနီထွန်းချေက ပြောသည်။
"မနေ့ က မနက်ပိုင်း မှာ လပတ်အစည်းအဝေးတက်နေပါတယ်။ ညနေမှရွာကိုပြန်ရောက်တော့ ဦးမောင်ဘုစိန် နေအိမ်သို့ပြန်မရောက်လာဘူးလို့ သူရဲ့ ဇနီး ဒေါ်ဘုမချေက တိုင်တန်းလာတဲ့အတွက် ရသေ့တောင်မြိုနယ်ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းရာ မသိသေးကြောင်း၊ စုံစမ်းလျက်ရှိကြောင်း ပြောကြားသည်။ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။
အလားတူ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး မောင်မောင်စိုးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်ကလည်း အဆိုပါသတင်းကိုမသိရှိသေးကြောင်း ဆိုသည်။







