ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂလီများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောလျင် စွာ စတင်ရေးအတွက် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအ ကြား ပူးတွဲ လုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို လာမည့် ဧပြီလ ဒုတိယလဝက်ကာလတွင် နေပြည်တော် ၌ ကျင်းပရန် မြန်မာဘက်က အဆိုပြုထားသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၊နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury အား ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခေါ်ယူတွေ့ဆုံကာ အဆိုပြုခဲ့ခြင်း ဖြစ်သည် ဟု ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အစိုးရက သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ တွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ SINOTRUK HOWO မော်တော်ယာဉ် အစီး(၂၀) ကို ဖေဖော် ဝါရီလ ၂၇ ရက်နေ့က လှူဒါန်းထားသည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်အောင် အစစအရာရာ စီစဉ်ထားရှိပြီး ဖြစ်ကြောင်း၊ပြန်လည်လက်ခံရေးစခန်း(၂)ခုနှင့် ကြားစခန်း(၁)တို့မှ ပြန်လည်နေရာချထားမည့် သက်ဆိုင်ရာ နေရာအသီးသီးသို့ သယ်ယူပို့ဆောင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်များ စီစဉ်ဆောင် ရွက် ပေးထားသော်လည်း ထပ်မံလိုအပ်ချက်များအရ တရုတ်နိုင်ငံမှ လှူဒါန်းသည့်အတွက် ကျေးဇူးတင်ကြောင်း နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။
မောင်တောဒေသမှာ ARSA အဖွဲ့၏ တိုက်ခိုက်မှုနောက်ပိုင်း ဘင်္ဂလီများ နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ထွက်ပြေးသူပေါင်း(၇) သိန်းကျော်ရှိခဲ့သည်ဟု နိုင်ငံတကာက ပြောဆို ထားသည်။မြန်မာနိုင်ငံဘက်က အတည်ပြုထားသည့် ဒုက္ခသည် ခြောက်ထောင်ထဲက ၂၂၆၀ ခန့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး တစ်ရက်မှာ လူ(၁၅၀)နှုန်းဖြင့် ပထမအသုတ်အဖြစ် လက်ခံရန် နှစ်နိုင်ငံ သဘောတူခဲ့ကြသည်။
သို့သော် မြန်မာဘက်က လက်ခံရန် အဆင့်သင့်ဖြစ်သော်လည်း ယင်းအစီအစဉ် မအောင်မြင်ခဲ့ပေ။
ပြန်ဝင်လာမည့် ဘင်္ဂလီများကို မောင်တောမြို့နယ် တောင်ပိုင်းတွင် နေရာမချထားရန် ရခိုင်ဒေသခံများလိုလား ကြသည်။







