ရာထူးမှ နှုတ်ထွက်ရလောက်သည့် ကြီးမားသော အမှားမလုပ်ခဲ့ဟု ဦးအောင်သန်း ပြော

ရာထူးမှ နှုတ်ထွက်ရလောက်သည့် ကြီးမားသော အမှားမလုပ်ခဲ့ဟု ဦးအောင်သန်း ပြော

ချင်းပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ ဦးအောင်သန်းက သူ့အနေဖြင့် ရာထူးမှ နှုတ်ထွက်ရလောက်သည့် ကြီးမားသော အမှားမလုပ်ခဲ့သလို လာဘ်ပေးလာဘ်ပေးယူမှုလည်း မလုပ်ခဲ့ကြောင်း ခိုနူမ်းသုန်သတင်းဌာနာကို ပြောဆိုပါသည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီဗဟိုကနေ ချင်းပြည်နယ်လွှတ်တော်ဒု-ဥက္ကဌရာထူးမှ နှုတ်ထွက်ခိုင်း သည့်ကိစ္စနှင့်ပတ်သက်၍ ဦးအောင်သန်းကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် သူက ထိုကဲသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“နှုတ်ထွက်လောက်အောင် ကျွန်တော်အမှားအယွင်းမလုပ်ခဲ့ဘူးလို့တော့ ကျွန်တော်ယုံကြည်တယ် ကျွန်တော်က မဲဆန္ဒ နယ်တိုးတက်ရေးအတွက်အစွမ်းကုန်လုပ်တယ်၊ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်အောင်ကြိုးစားတဲ့နေရာမှာ အမှားအယွင်းလေးတွေကတော့ မကင်းနိုင်ပါဘူး၊ အနည်းငယ်ရှိကောင်းရှိနိုင်ပါတယ် အပြောအဆိုလေးတွေပဲဖြစ်ဖြစ် ဒါလေးတွေတော့ရှိပါမယ် ကြီးကြီးမားမားအမှားမျိုးကတော့မရှိပါဘူး’’ ဟု ဦးအောင်သန်းက ပြောသည်။

ဦးအောင်သန်းကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့နောက်ဆုံးထားပြီး ရာထူးမှနှုတ်ထွက်ရန်နှင့် နှုတ်ထွက်ခြင်းမပြုပါက လွှတ်တေ်ာအတွင်း ပြစ်တင်ရှုတ်ချ နှုတ်ထွက်စေမည်ဟု (NLD) ပါတီ ဒု-ဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်က လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့က နောက်ဆုံးအကြိမ်သတိပေးခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဖြေရှင်းခွင့်ပြုရန်အတွက် (NLD) ပါတီဗဟိုသို့ တင်ပြထားဆဲဖြစ်ပြီး လာဘ်ပေး လာဘ်ယူမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဦးအောင်သန်းကဆက်ပြောသည်။

“တိုင်တဲ့ဟာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ထင်ပါတယ် လျော်ကြေးတွေ မကျေနပ်တဲ့ကိစ္စတွေပဲ ဖြစ်မလား လမ်းချဲ့တဲ့ကိစ္စတွေပဲဖြစ်မလား ကျွန်တော်လည်းအကြမ်းဖျင်းပဲကြားတာပဲနော် မင်းတပ်ကပဲတိုင်တယ်လို့ပဲ ကြားထားတယ် ကြားထားတဲ့အခါကျတော့ ကျွန်တော်လည်းဖြေရှင်းခွင့့််ပြုပါလို့ တင်ပြထားဆဲဖြစ်ပါတယ်၊ လူထု အားလုံးကိုပြောချင်တာကတော့ လုံး၀ လာဘ်ပေးလာဘ်ယူမှုမဟုတ်ပါဘူး”ဟု ဦးအောင်သန်းကပြောသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ အလေအလွင့်နည်းနိုင်သမျှနည်းအောင် လွှတ်တော် အနေဖြင့် ထိန်းညှိပေးရပြီး သူတာဝန်ထမ်းဆောင်သည့်ကာလအတွင်း မဲဆန္ဒပြည်သူနှင့် နိုင်ငံတော်မျက်နှာကိုသာ ကြည့်ပြီး အလုပ်လုပ်ခဲ့သည်ဟု သူကဆက်ပြောသည်။

“ကျွန်တော်ပြောချင်တာတစ်ခုကတော့ ကျွန်တော်လုပ်နေတာအားလုံးသည် ကိုယ့်မဲဆန္ဒနယ်လူထုတွေတိုးတက်ဖို့ အတွက်ကိုပဲ ဦးတည်တယ် တစ်ဖက်မှာလည်း နိုင်ငံတော်ဘတ်ဂျက် မဆုံးရှုံးလေအောင် လွှတ်တော်ရေးရာကော်မတီတွေ အလုပ်လုပ်နိုင်အောင် ကျွန်တော်နိုင်ငံတော်ဘက်ကိုမျက်နှာမူပြီးမှသာလျှင် အလုပ်လုပ်ခဲ့ပါတယ်ဆိုတာတော့ ကျွန်တော်အာမခံပါတယ်” ဟု ချင်းပြည်နယ် လွှတ်တော် ဒု- ဥက္ကဌက ပြောသည်။

လွှတ်တော်ဒုတိယဥက္ကဌဦးအောင်သန်းသည် ၁၉၉၀ ခုနှစ်ကတည်းကမင်းတပ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် အင်တိုက်အားတိုက်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မင်းတပ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီးနောက် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...