မူစယ်ဆင်ဖြူဂိတ်ဖြတ်သန်းမယ့် လူထုတွေရဲ့ အခက်အခဲကို အာဏာပိုင်များ ကူညီဖြေရှင်းပေးပါ

မူစယ်ဆင်ဖြူဂိတ်ဖြတ်သန်းမယ့် လူထုတွေရဲ့ အခက်အခဲကို အာဏာပိုင်များ ကူညီဖြေရှင်းပေးပါ
မူစယ်ဆင်ဖြူနယ်စပ်ဂိတ်ဖြတ်ဖို့ နာရီနှင့်ချီတန်းစီစောင့်ဆိုင်းနေရသည့် ခရီးသွားပြည်သူလူထု
မူစယ်ဆင်ဖြူနယ်စပ်ဂိတ်ဖြတ်ဖို့ နာရီနှင့်ချီတန်းစီစောင့်ဆိုင်းနေရသည့် ခရီးသွားပြည်သူလူထု

သို့- သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့်

လူထုအခက်အခဲကို သက်ဆိုင်ရာ အာဏာပိုင်များမြင်တွေ့နားလည်အောင် ဖော်ပြပေးစေလို ……….

တရုတ်-မြန်မာ အဝင်အထွက် ဂိတ်ပေါက်တစ်ပေါက်ဖြစ်တဲ့ ဆင်ဖြူပေါက်မှာ နေရာဦးပြီး ပြန်လည်ရောင်းစား နေတာတွေကြောင့် ခရီးသွားပြည်သူလူထုတွေ အခက်အခဲဖြစ်နေပါတယ်။

အရင်က နယ်စပ်ဖြတ်ပြီး အလုပ်ကိစ္စ ၊လူမှုရေး၊ စီးပွါးရေး ၊ ပညာရေးအတွက် ၀င်ထွက်သွားလာရင် လွယ်ကူ ပေမယ့် အခုတော့ ဒီ ၂ လ ၃ လ အတောအတွင်းမှာ နေရာအရင်ဦးထားပြီး နယ်စပ်ဖြတ်ဖို့လာတဲ့သူတွေကို ပြန်ရောင်းပေးနေတဲ့ပွဲစားတွေကြောင့် အနည်းဆုံး ၁ နာရီလောက်ကြာ တန်းစီပြီးမှသာ နယ်စပ်ဖြတ်နိုင်ပါတော့ တယ်။ လူများလာရင် ၂ နာရီ ၃ နာရီကြာတဲ့အထိတောင် တန်းစီရတာတွေလည်းရှိပါတယ်။ တကယ်လို့ သေရေးရှင်ရေးနဲ့ကြုံရင်တော့ အရမ်းကို ခက်ခဲပါလိမ့်မယ်။ ဒီဂိတ်ပေါက်က တနင်္ဂနွေနေ့ကလွဲလို့ နေ့တိုင်း ဒီလို အရှည်ကြီး တန်းစီရပါတယ်။

အရင်က ပွဲစားတွေဟာ မိုးမလင်းခင်ကတည်းက စက်ဘီးနဲ့ သွားတန်းစီထားတာ တွေ့ရပါတယ်။ အောက်ပြည်ကနေလာရောက်အလုပ်လုပ်ကိုင်တဲ့ ဗမာအလုပ်သမားတွေရဲ့ ကလေးတွေပေါ့ ။ ဆိုင်ကယ်နဲ့သွားတန်းစီတာကတော့ သူတို့ရဲ့အဖေအမေတွေ ဆွေမျိုး မောင်နှမ တွေပေါ့။ ဒါကို တရုတ်တွေက သိတော့ စက်ဘီးနဲ့ ပေးမဝင်တော့ပါဘူး။ တချို့ စမတ်ကဒ်ရှိတဲ့သူတွေက သူတို့ ဆိုင်ကယ်နဲ့ တန်းစီထားပြီး ခြေကျင်နဲ့ဝင်မယ့်သူတွေကို သူတို့ဆိုင်ကယ်နဲ့ ဝင်ခိုင်းပါတယ်။ ပြီးမှ သူတို့က စမတ်ကဒ်နဲ့ ဝင်သွားပြီး သူတို့ဆိုင်ကယ်ကို ပြန်သွားယူပါတယ်။

တရုတ်ဘက်ကတော့ လူတိုင်းကိုစမတ်ကဒ်နဲ့ ဆိုင်ကယ်နဲ့ဝင်စေချင်တယ်။ ဒါပေမဲ့ ဆိုင်ကယ်နဲ့သွားရင် ကိုယ်သွားလိုတဲ့နေရာတွေအထိ သွားလို့မရဘူး။ ဆိုင်ကယ်နဲ့က ဂိတ်အနီးတဝိုက်လောက်ပဲ သွားလို့ရတာလေ။ အလုပ်ကိစ္စတွေ ဘာတွေအတွက် အဆင်မပြေကြဘူး။ အဲတာကြောင့် လူတိုင်းစမတ်ကဒ် မလုပ်ပါဘူး။ လုပ်လည်း မလုပ်ချင်ကြပါဘူး။

တကယ်လို့ မြန်မာဘက်က အာဏာပိုင်တွေက တရုတ်ဘက်က အာဏာပိုင်တွေလုပ်သလို လုပ်ရင်လည်း မြန်ဆန်ပါလိမ့်မယ်။ တရုတ်ဘက်က လူများလာရင် ၂ တန်း ၃ တန်း တန်းစီခိုင်းပြီး တံဆိပ်တုံးထုပေးတော့ အကြာကြီး မတန်းစီရတော့ဘူးပေါ့။ အခု မြန်မာဘက်မှာက တစ်တန်းထဲပဲဆိုတော့ တန်းရှည်တော့တာပေါ့။

ဒီလိုကြိုတင်နေရာယူထားပြီး ပြန်ရောင်းစားနေတဲ့အဖွဲ့တွေကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တုန်းက လဝက၊ စည်ပင်၊ ရဲ၊ ပြည်သူ့စစ်တွေပါ၀င်တဲ့အဖွဲ့က လိုက်လံရှင်းလင်းခဲ့ပါတယ်။

ဂိတ်ပေါက်အနီးတဝိုက်တော့ ရှင်းလင်းသွားပါတယ်။ ဒါပေမဲ့ ၁၀ တန်ဆိုင်နား (ဆင်ဖြူဂိတ်နဲ့ ကိုက် ၁၀၀ လောက် ဝေးတဲ့နေရာလောက်မှာ)တော့ ရှိနေပါသေးတယ်။ အဲဒီမှာဆိုရင် ကျပ် ၅,၀၀၀ လောက်ပေးရပါတယ်၊ စျေးဆစ်ရင်တော့ ၄,၀၀၀ နဲ့လည်း ရပါတယ်။ အဲထက်အနောက်ဘက်ကျရင်တော့ ၂,၀၀၀ – ၃,၀၀၀ တောင်းတယ်။

ရှင်းမယ့်ရှင်း မရှိတော့အောင် ရှင်းပေးစေချင်ပါတယ်။ ပြီးတော့ တရုတ်ဘက်ကလို လိုအပ်ရင် ၀န်ထမ်းတွေ ထပ်တိုးချပေးပြီးတော့ နယ်စပ်ကူးမယ့်လူတွေကို တံဆိပ်မြန်မြန်ထုပေးရင် လူတွေသွားရလာရ လွယ်ကူအဆင်ပြေပါလိမ့်မယ်လို့ တိုက်တွန်းချင်ပါတယ်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...