နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရက္ခိုင့်တပ်မတော်(AA) ကို ပြတ်ပြတ်သားသား၊ အမြန်ချေမှုန်းရန် မှာကြားမှုများရှိသော်လည်း AA သည် ပြည်သူလူထုနှင့် ရောထွေးပြီးနေသောကြောင့် ချေမှုန်းရန်အတွက် တပ်မတော်မှာ အခက်အခဲများ ပေါ်ပေါက်နေသည်။
ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို ဇန်နဝါရီလအတွင်းက ရက္ခိုင့်တပ်မတော်(AA)က ဝင်ရောက်တိုက်ခိုက်ပြီးနောက် AA ကို အမြစ်ပြတ်ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိ အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးသောကြောင့် မေးခွန်းများ ပေါ်ပေါက်လာခြင်းဖြစ်သဖြင့် တပ်မတော်၏ အခက်အခဲများကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီက ဖွင့်ဟပြောဆိုသည်။
တပ်မတော်မှာ သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး နည်းဗျူဟာများရှိသော်လည်း ရက္ခိုင့်တပ်မတော်(AA) သည် ပြည်သူထူထုအတွင်း ရောထွေးနေသဖြင့် အဘက်ဘက်က ငဲ့ညှာထောက်ထားနေသည့် အခြေအနေဖြစ်သောကြောင့် ချေမှုန်းရန် အခက်အခဲများဖြစ်နေသည်ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
“အဲဒီအခက်အခဲတွေက ပြည်သူလူထုနဲ့ ရောထွေးနေတယ်။ သူတို့(ပြည်သူလူထု)ကို အခွင့်ကောင်းယူပြီး ကျနော်တို့ကို ဆောင်ရွက်နေတဲ့ အခြေအနေတွေက ကျနော်တို့အတွက် အခက်အခဲဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ဖြစ်နေသည့် တိုက်ပွဲများတွင် AA သည် ရွာအနီးနှင့် ရန်ကုန် - စစ်တွေ ကားလမ်းမကြီးတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်ပြီး ရွာထဲသို့ ဝင်ပြေးသဖြင့် တပ်မတော်အနေဖြင့် ရွာထဲလိုက်ပစ်၍ မရဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ရွာထဲကို ဝင်ပြေးတဲ့အခါမှာ တပ်အနေနဲ့ ရွာထဲရောက်တဲ့အခါမှာ လိုက်မပစ်ရဘူး။ ဘာကြောင့်မို့လို့ အပြီးသတ် မချေမှုန်းလဲဆိုတာ ဒါတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
သို့သော် ရက္ခိုင့်တပ်မတော်(AA) အနေဖြင့် တပ်မတော်ဘက်က ပြောဆိုသကဲ့သို့ ရွာသားများနှင့် ရောထွေးနေခြင်း မရှိဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
“ကျနော်တို့က အရပ်သားအသွင်ဆောင်ပြီး မည်သည့်အခါမှ မလုပ်။ ဘာဖြစ်လို့ဆိုရင် ကျနော်တို့ဟာ တပ်မတော်တစ်ခုရဲ့ အင်္ဂါလက္ခဏာနဲ့အညီ စနစ်တကျစုဖွဲ့မှုနဲ့ ရန်သူကို စနစ်တကျ တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်။ အဲဒီလိုပြောဆိုချက်ဟာ သူတို့တိုက်လို့မနိုင်တော့ အကြောင်းပြချက်တွေ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်ပြီး သောင်းကျန်းသူများနှိမ်နင်းရေးကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် တပ်မတော်မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တပ်အင်အားတိုးမြှင့်အသုံးပြုခြင်း၊ တပ်မတော် ရဟတ်ယာဉ်များ အသုံးပြုခြင်းတို့ ပြုလုပ်ရန် သမ္မတရုံးက ဇန်နဝါရီလ ၄ ရက်နေ့တွင် ညွှန်ကြားထားသည်။
လက်ရှိတွင် တပ်မတော်ဘက်က တပ်အင်အားတိုးချဲ့ခြင်းများ ပြုလုပ်နေသောကြောင့် နောက်ထပ်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြေရှိသည်ဟု ခိုင်သုခက ပြောသည်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲ ပိုမိုပြင်းထန်နေပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ (၇၀၀၀) ခန့် ရှိလာပြီဖြစ်သည်။







