ရသေ့တောင်မြို့နယ်၊ မင်းဖူးကျေးရွာမှ ဒေသခံနှစ်ဦးကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၀ ရက်)တွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှစောထွန်းက DMG ကိုပြောသည်။
အိမ်အနီးရှိ ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် ဆယ်အိမ်မှူး ဦးသန်းတင်နှင့် ဦးဝေစိုးထွန်းတို့ကို တပ်မတော် တပ်မ ၂၂ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်သွားခြင်းဟု ဦးလှစောထွန်းက ဆိုသည်။
“ သူတို့ကို အိမ်နားက ဗုံးပေါက်တာကြောင့် မင်္သကာလို့ဆိုပြီးတော့ ဖမ်းဆီးတာဖြစ်တယ်လို့ပြောတယ်။ အခုထိပြန်မရောက်သေးဘူး ”ဟု ၎င်းကပြောသည်။
ယမန်နေ့က မင်းဖူးအုပ်ချုပ်ရေးမှူး ဦးလှစောထွန်းကိုလည်း တပ်မတော်က ရွာပြင်တွင် ကြိုးဖြင့်ချည် နှောင်ခဲ့ပြီး နှစ်နာရီအကြာမှာ ပြန်လွတ်ပေးလိုက်သည်ဟု ၎င်းက ဆိုသည်။
“ ကျနော့်ကို သူတို့ဖမ်းဆီးပြီးခေါ်သွားတယ်။ နေပူထဲမှာ နှစ်နာရီလောက် ချည်နှောင်ထားပြီးတော့ ပြန်လွတ် လိုက်ပါတယ် ”ဟု ဦးလှစောထွန်းက ပြောသည်။
တပ်မတော်က ဖမ်းခေါ်သွားသူနှစ်ဦးမှာ ရသေ့တောင်မြို့နယ် စေတီပြင်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ခံနေရ သည်ဟု ၎င်းက ဆက်လက်ဆိုသည်။
မင်းဖူးကျေးရွာအနီးတွင် တပ်မတော်က ပစ်ခဲ့သော မပေါက်သေးသော လက်နက်ကြီး တစ်လုံးရှိနေ သေးကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူးထံက သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။စေတီပြင်ရဲစခန်းကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိ ခဲ့ပေ။







