ပလက်ဝမြို့နယ်၊ရှင်းလက်ဝကျေးရွာက ဒေသခံံ ၁၁ ဦးနှင့် ကျောက်တော်မြို့ခံ ၂ ဦးတို့ကို မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေပုဒ်မ ၁၇ (၁)၊ (၂)ဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျောက်တော်မြို့နယ် တရားရုံး၌ တရားစွဲဆိုလိုက်သည်။
ရှင်းလက်ဝကျေးရွာသား ၂၄ ဦးနှင့် ၎င်းတို့တည်းခိုနေသည့် ကျောက်တော်မြို့မှ အိမ်ရှင် လင်မယား ၂ ဦး တို့ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖမ်းဆီးပြီး စစ်တွေမြို့သို့ပို့ဆောင်ကာ စစ်ဆေးမှုများ လုပ်ဆောင် ခဲ့သည်။ ယင်းနောက်တွင် ရှင်းလက်ဝကျေးရွာသား ၁၁ ဦးနှင့် ကျောက်တော်မြို့မှ အိမ်ရှင်လင်မယား ၂ ဦးတို့ကို တရားစွဲဆိုခဲ့ပြီး ကျန် ၁၃ ဦးကို စစ်တွေမြို့မရဲစခန်းမှ လွှတ်ပေးလိုက်သည်ဟု ၎င်းတို့အမှုကို လိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေ ဦးထွန်းလှက ပြောသည်။
“သူတို့ ၁၃ ဦးကို တရားစွဲတင်တာတစ်ခုပါပဲ။ အခြားစစ်ဆေးတာတွေတော့ မရှိပါ။ အခုသူတို့ကို စစ်တွေ မှာပဲချုပ်ထားတယ်” ဟု ၎င်းက ဆိုသည်။
၎င်းတို့ ၁၃ ဦးကို ကျောက်တော်မြို့နယ်အခြေစိုက် အမှတ်(၃၇၅)တပ်ရင်းမှ ဗိုလ်မှူးနိုင်အောင်ဖြိုးှက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရှင်းလက်ဝကျေးရွာသား ၂၄ ဦးမှာ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့ပေါ်သို့ ခိုလှုံရောက်ရှိနေကြခြင်းဖြစ်သည်။
ယခုတရားစွဲဆိုခံထားရသူ ၁၃ ဦး၏ ရုံးချိန်းကို မတ်လ ၄ ရက်နေ့တွင် ထပ်မံချိန်းဆိုထားသည်။







