“ပြည်ထောင်စုမှ ခွဲမထွက်ရ’’ ဟု တဖက်သတ်တားမြစ်မှု ပင်လုံသဘောတူညီချက်နှင့်ဆန့်ကျင် - CNF ဥက္ကဌ ပူးဇင်ကျုံး

“ပြည်ထောင်စုမှ ခွဲမထွက်ရ’’ ဟု တဖက်သတ်တားမြစ်မှု ပင်လုံသဘောတူညီချက်နှင့်ဆန့်ကျင် - CNF ဥက္ကဌ ပူးဇင်ကျုံး

“ပြည်ထောင်စုမှ ခွဲမထွက်ရ’’ ဟု တဖက်သတ်တားမြစ်ခြင်းသည် ပင်လုံသဘောတူညီချက်များနှင့် ဆန့်ကျင်နေပြီး ပြည်ထောင်စုကို အတူတကွထူထောင်ကြသော လူမျိူးများ၏ လွတ်လပ်သည့်ဆန္ဒကို ဆန့်ကျင်နေသည်ဟု ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက်ချင်းအမျိူးသားနေ့အခမ်းအနားတွင် ချင်းအမျိူးသားတပ်ဦး(CNF) ဥက္ကဌ ပူးဇင်ကျုံးက ပြောဆိုလိုက်သည်။

“ခွဲထွက်ခွင့်နဲ့ ခွဲမထွက်ရဆိုတဲ့ ပြည်ထောင်စုအဖွဲ့ဝင် လူမျိူးများရဲ့ မူလအခွင့်အရေးများဟာ ၎င်းလူမျိူးများရဲ့ ဆန္ဒ သဘော ထားအရသာ ဆုံးဖြတ်ချက်ချမှတ်ရမယ့် ကိစ္စဖြစ်ပြီး အခြားလူမျိူးတစ်မျိူး၊ အခြားအစုအဖွဲ့တစ်ခုမှ အတင်းလက်ခံ သဘော တူခိုင်းလို့ရတဲ့အရာမဟုတ်ဘူး’’ ဟု ပူးဇင်ကျုံးက ချင်းအမျိူးသားနေ့မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

တစ်နိုင်လုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချူပ်(NCA) အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် ချင်းအမျိူးသားများအပါအဝင် တိုင်းရင်းသားလူမျိူးများ နှစ်ပေါင်းများစွာတောင်းဆိုလာခဲ့သော “ကိုယ်ပိုင်ပြဌာန်းခွင့်”နှင့် “ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်ခြင်းမပြုရ’’ ကို အလဲအလှယ်ပြုလုပ်ရန် တောင်းဆိုလာ ခြင်းကြောင့် နိုင်ငံရေးဆွေးနွေးမှုများ တစ်ဆို့သည့်အခြေအနေသို့ရောက်ရှိခဲ့ရသည်ဟု CNF ဥက္ကဌက ပြောသည်။

“ခွဲထွက်ခွင့်ကတိကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်လာခဲ့တယ် ခွဲထွက်ခွင့်ဟာ ဗမာ၊ရှမ်း၊ ကချင်၊ ချင်းလူမျိူးများ အကြား ပြုလုပ်တဲ့ ပဍ္ဍိညာဉ်စာချူပ်၊ တရားဝင်သဘောတူညီချက်တစ်ရပ်ဖြစ်တယ်၊ ဒါကြောင့် ပင်လုံစာချူပ် လက်မှတ်ရေး ထိုးခဲ့ကြတဲ့ ၊ ရှမ်း၊ ကချင်၊ ချင်းအမျိူးသားနယ်မြေများအတွက် ခွဲထွက်ခွင့်ဟာ မိမိတို့ရဲ့ ပကတိမူလအခွင့်အရေးဖြစ်တယ်၊ အဲဒီ ပကတိမူလအခွင့်အရေးကို မည်သည့်အရာနဲ့မျှ တားဆီးပိတ်ပင်တားဆီးလို့မရပါဘူး’’ ဟု CNF ဥက္ကဌကပြောသည်။

ထို့ကြောင့် ချင်းအမျိူးသားအနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရေးနှင့် ခွဲမထွက်ရေးကိစ္စသည် မိမိတို့ ချင်းလူမျိူးများ၏ ကိုယ်ပိုင်ဆုံးဖြတ် ချက်အပေါ်မှာသာ တည်မှီနေသည်ဟု သူကဆက်ပြောသည်။

ယနေ့ကျရောက်သော (၇၁) နှစ်မြောက်ချင်းအမျိူးသားနေ့အခမ်းအနားကို မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် နိုင်ငံတကာ တွင်လည်း စည်ကားသိုက်မြိုက်စွာ အသီးသီးဆင်နွဲကျင်းပခဲ့ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...