ကချင်ပြည်နယ် မြို့နယ် ၆ခုတွင် တရားဝင် ရွှေတူးခွင့် ပြု

ကချင်ပြည်နယ် မြို့နယ် ၆ခုတွင် တရားဝင် ရွှေတူးခွင့် ပြု

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)ခုတွင် တရားဝင် အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုမိန့် ပေးလိုက်ပြီဖြစ်သည်။

ဝိုင်းမော်မြို့နယ်၊ မချမ်းဘော့မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲ၊ မိုးမောက်မြို့နယ်နှင့် ရွှေကူမြို့နယ်အတွင်းရှိ ကုမ္ပဏီ ၁၈ခုကို အသေးစားလုပ်ကွက်(၅၈)ကွက်နှင့် လက်လုပ်လက်စား လုပ်ကွက် (၂)ကွက်အား ခွင့်ပြုလိုက်သည့်အခမ်းအနားကို ဖေဖေါ်ရီလ ၂၀ရက်နေ့ မြစ်ကြီးနား သတ္ထုတွင်းဦးစီးဌာနရုံးခွဲ တွင် ပြုလုပ်ကျင်းပခဲ့သည်။

ရွှေတူးဖော်ခြင်းလုပ်ငန်း အသေးစားနှင့် လက်လုပ်လက်စားလုပ်ကိုင်လိုသူများက ကချင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုလာသောကြောင့် လုပ်ထုံးလုပ်နည်းအရ တရားဥပဒေနှင့် အညီဆောင်ရွက်ပေး ခြင်းဖြစ်သည်ဟု သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ကချင်သတင်းဌာန KNG သို့ပြောဆိုထားပါသည်။

“သူတို့အနေနဲ့ တရားဝင် တင်ပြလာတော့ ကျနော်တို့က လုပ်ထုံးလုပ်နည်းအရ လုပ်ကွက်တွေပေးတာဖြစ်တယ်။ အားလုံးက ဥပဒေဘောင်အတွင်းမှာ ဆောင်ရွက်ပေးတာပါ။ အဓိကတော့ တရားမဝင်လုပ်ကိုင်နေတဲ့ သူတွေများလာတော့ ဒီလိုနည်းလမ်းမှန်မှန် ဥပဒေနဲ့ အညီဆောင်ရွက်ပေးတာဖြစ်တယ်။ တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေသူများ သဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအင်မတန်များတယ်။ ပြီးရင် ပြည်နယ်အစိုးရပေါ်မှာလည်း ဂုဏ်သိက္ခာကျဆင်းစေတယ်။ ဒါကြောင့် အားလုံးကို ဥပဒေဘောင်အတွင်းမှာ လုပ်စေချင်တယ်” ဟု ဆိုသည်။

သတ္ထုတူးဖော်ရန်အတွက် အသေးစားနှင့် လက်လုပ်လက်စားများလုပ်ကိုင်ရန် အစိုးရမှ တင်ပြတောင်းဆိုမှုအပေါ် ခွင့်ပြုပေးမည်ဖြစ်သဖြင့် တရားမဝင်လုပ်ငန်းဆောင်ရွက်မှုများကို သိမြင် တွေ့ရှိပါက ပြင်းပြင်းထန်ထန် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆက်ဆိုသည်။

ကချင်ပြည်နယ်တွင် မြို့နယ် ၁၈ခုရှိသည့်အနက် ယခုလက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အသေးစား သတ္ထုတူးဖော်ခွင့် မြို့နယ် ၆ခုမှာ ခွင့်ပြုလိုက်ပြီးနောက် ကျန်မြို့နယ်များလည်း အသေးစားသတ္ထုတူးဖော်ရန်အတွက် တင်ပြတောင်းဆိုမှုပြုလုပ်လာပါက စီစစ်ပြီး ဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အသေးစားသတ္ထုတူးဖော်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ခွင့်ပြုမိန့်ပေးခဲ့ခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်းသိရသည်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...