ဖားကန့် မူရင်းဌာနေသားတို့ အခွင့်ရေး ကာကွယ်ပေးမည့် ဦးဆောင်အဖွဲ့ ဖွဲ့စည်း

ဖားကန့် မူရင်းဌာနေသားတို့ အခွင့်ရေး ကာကွယ်ပေးမည့် ဦးဆောင်အဖွဲ့ ဖွဲ့စည်း
ယခုလို စက်ယန္တရားကြီးများဖြင့် နေ့ည မပြတ် ကျောက်စိမ်းတူးဖော်နေပါသည်။
ယခုလို စက်ယန္တရားကြီးများဖြင့် နေ့ည မပြတ် ကျောက်စိမ်းတူးဖော်နေပါသည်။

ယခင် ‘Mungnawk Hkawng Uru Ga’ ဟုခေါ်သော ယခု ဖားကန့်ဒေသ၏ မူရင်းပိုင်ရှင်ဌာနေသားတို့၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သွားမည့် ဦးဆောင်အဖွဲ့ကို ဖေဖေါ်ဝါရီ (၁၈)ရက်နေ့ ဖားကန့်မြို့တွင် ဌာနေသားများ ဖွဲ့စည်းလိုက်သည်။

သဘာဝ သယံဇာတနှင့်အတူ တောတောင်များဖြင့် သာယာခဲ့သော ကချင်ဒူဝါများ အုပ်ချုပ်မှုအောက် ခန္တီး၊ လုံးခင်း၊ ဖားကန့် စသည့် နယ်မြေများရှိ ဌာနေသားတို့ သည် ယခုအခါ မေ့လျော့ခံဘဝ ဖြစ်နေရပြီး အခွင့်အရေးမှန်သမျှ ဆုံးရှုံးနေရသည်ဟု ဖွင့်ဟ ပြောဆိုနေကြပါသည်။

Mungnawk Hkawng Ura Ga ခေါ် ယခု ဖားကန့်ဒေသ ကို ယခင်က မူရင်းဌာနေသားဖြစ်သော ကချင်ဒူဝါတို့ အုပ်ချုပ်ခဲ့သည်။

ထို့ကြောင့် ဌာနေသားတို့ မျှော်လင့်ချက်နှင့် ဆန္ဒကို အကောင်ထည်ဖော်ဆောင်နိုင်ရန် ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး လက်ရှိ ဥက္ကဌ တာဝန် ပေးအပ်ခံရသော Hpt. Hkum Seng Naw (သင်းထောက်ခွန်ဆိုင်းနော်) ယခုလိုပြောပါသည်။

“ကျနော်တို့ Mungnawk Hkawng Uru Ga ဥရုဆိုင်းမှော်ဒေသ ဌာနေဒေသခံတွေ စစ်မှန်တဲ့ ဂုဏ်သိက္ခာနဲ့ နေထိုင်နိုင်ဖို့ဖြစ်တယ်။ ဌာနေသားတွေ အသက်မွေးဝမ်းကြောင်း အဆင်ပြေလာဖို့၊ ဆုံးရှုံးသွားတဲ့ အခွင့်အရေးမှန်သမျှပြန်ရအောင် အစိုးရကိုတင်ပြသွားမှာဖြစ်တယ်” ဟု ပြောပါသည်။

ယခုဖွဲ့စည်းလိုက်သော ဌာနေသားများ အခွင့်ရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖြစ်လာရန် ဌာနေသားတို့က အချိန် ရက်တစ်ပတ်ခန့် ယူပြီး လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင် တို့တွင် သီးခြား ရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။

ထိုသို့ ဌာနေသားတို့ ရပိုင်ခွင့်အတွက် ကြိုးပမ်းသွားရာတွင် အကောင်ထည်ဖော်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး Hpt. Hkum Seng Naw ဆက်ပြီး “ပထမကတော့ ဌာနေသားတွေအတွက် ဘုံနေရာတစ်ခု ရှာရမယ်။ ဌာနေသားတွေကိုယ်တိုင် ဒီအစီစဉ် ကောင်းကောင်း နားလည်အောင် စည်းရုံးသွားမယ်။ ပြီးတော့ ကုလသမဂ္ဂ ထုတ်ပြန်ထားတဲ့ ဌာနေသားတို့ အခွင့်အရေး နည်းဥပဒေ အတိုင်း အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ပြောပါသည်။

ထို့အပြင် အရေးကြီးဆုံးအချက်ဖြစ်သော ဥရုဆိုင်းမှော်ဒေသ ဌာနေသားတို့အကြောင်း ပြတိုက် (Museum) တစ်ခုကိုလည်း စီစဉ်သွားမည်ဖြစ်သည်။

“အများယုံကြည်ဖို့ဆိုတာ သက်သေလိုတယ် ဆိုတော့ ဒီဒေသရဲ့ မူရင်းပိုင်ရှင်တွေဖြစ်တဲ့ Ginsi Du (ဂင်ဆီဒူ)၊ N’ja Du (အင်ဂျာဒူ) နဲ့ အခု ရှိနေတဲ့ Laisai Du (လိုင်ဆိုင်းဒူ) တို့ရဲ့ ထူးခြားတဲ့ ပိုင်ဆိုင်မှု တွေကို ပြသပြီးမှ သူများ လာကြည့်တဲ့အချိန် ဒီဒေသမှာ ဘယ်သူက ဌာနေသားတွေ ဖြစ်တယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။” ဟု သူက ဆက်ဆိုသည်။

ဌာနေဒေသခံ ဟုဆိုရာတွင် Mungnawk Hkawng Ura Ga ဟုခေါ်သော ဖားကန့်ဒေသတွင် နှစ် ၄၀၀ အထက် နေထိုင်ပြီးသူများဟု နားလည်ထားကြောင်း သိရပါသည်။

ဌာနေသားတို့အဆိုရ ၎င်းတို့သည် တောင်ယာ နှင့် စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်ခဲ့သောကြောင့် ယခုလို အစိုးရအစီစဉ်ဖြင့် ကုမ္ပဏီမှ စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုပေါ် နောင်ရှေ့ရေးအတွက် တွေးပူသည်ဟု ဖားကန့်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဆရာလမောင် လတောင် ပြောပါသည်။

ဆက်လက်ပြီး “အရင်ကျနော်တို့ နယ်မြေမှာ အရင်က ကျား၊ နွားနောက် အထိရှိခဲ့ပေမယ့် အခုဘာမှ မရှိတော့ဘူး။ သစ်တောတွေ ကုန်ပြီ။ ဒါကြောင့် လာမယ့် ၅ နှစ် ၁၀ နှစ်ဆိုရင် ကျနော်တို့ နယ်မြေ မရှိတော့ဘူး။ သူတို့ မြေစာပုံမှာ ဘာမှ စိုက်စားလို့ရမှာ မဟုတ်ဘူး။ ဒါကို ကာကွယ်ဖို့ မူရင်းဌာနေသားတွေ ကိုယ်တိုင် ဦးဆောင်ရတော့မယ်လို့ အခုလိုပြုလုပ်လာတာဖြစ်တယ်။” ဟု သူကဆိုသည်။

ဌာနေသားတို့ အခွင့်ရေး တောင်းဆိုမည်ဟု ဆိုရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ပြောဆိုသွားမှာဖြစ်သည်ဟု သိရပါသည်။

အစိုးရကိုယ်တိုင် ၎င်းတို့ ပြဌာန်းလိုသော ကျောက်မျက်ရတနာ ဥပဒေများနှင့် ပတ်သက်ပြီး ဌာနေသားတို့ကို ခေါ်ယူဆွေးနွေးခြင်း မရှိသလို အခွင့်အရေးအတွက်လည်း တစ်စုံတစ်ရာ စဉ်းစားပေးခြင်း မတွေ့သေးဘူးဟုလည်း စိုးရိမ်းကြောင်း ပြောနေကြပါသည်။

ထို့အပြင် ဖားကန့်ဒေသသို့ မြန်မာနိုင်ငံတစ်ဝှမ်းမှ ရောက်လာကြသော လုပ်သားအများစုသည် နှစ်အတန်ကြာ နေထိုင်ပြီးသောအခါ ဒေသခံဖြစ်လာပြီး ဌာနေသားတို့အတွက် စိုးရိမ်စရာဖြစ်လာသည်ဟု ဖားကန့်ဌာနေသား ဆရာ Lamawng La Tawng (လမောင်လတောင်) က ပြောပါသည်။

“ဖားကန့်မှာ အခု တကယ်လုပ်စားနေတာက မကြာသေးခင်က ရောက်လာတဲ့ ဒေသခံလို့ အမည်ခံယူထားတဲ့ သူတွေဟုတ်တယ်။ အရင်ကတည်းက အခြေချလာတဲ့ ဌာနေသားတွေက ဘာအခွင့်ရေးမှ မရရုံ သာကမ ဂရုစိုက်တာတောင် မခံရတော့ဘူး” ဟု ဆိုသည်။

ယခင်ကတည်းက ဖြစ်ရပ်မှန် ပုံပြင်များဖြင့် နာမည်မှည့်ခဲ့သော ကျေးရွာ နှင့် ဒေသ အခေါ်အဆို နာမည်များကိုလည်း တဖြည်းဖြည်း ပြောင်းလဲခေါ်ဆိုလာမှုပေါ် စိုးရိမ်နေကြောင်းလည်း ထပ်မံ ပြောဆိုပါသည်။

ယခု ဖွဲ့စည်းလိုက်သော ဌာနေသားများ အခွင့်ရေး ဦးဆောင် ကာကွယ်ပေးမည့် အဖွဲ့ပေါ် လိုင်ဆိုင်းနယ် Duwa Laisai Mung Ra (ဒူဝါ လိုင်ဆိုင်းမုန်ရာ) ယခုလိုပြောပါသည်။

“ကိုယ့်အခွင့်အရေး ဆုံးရှုံးပြီ။ ကိုယ့်မြေယာခြံဝင်းတွေ မကာကွယ်နိုင်တော့ဘူး။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ အဲဒီအခွင့်အရေးတွေ ပြန်ရအောင်၊ ယခင်က ဒီဒေသကို အုပ်ချုပ်ခဲ့ဖူးတဲ့ ကျနော်တို့ ဌာနေသားတွေ စုပေါင်းပြီး အခုလိုထပ်မံကြိုးစားလာနေတာ ဖြစ်ပါတယ်။” ဟုပြောပါသည်။

ယခုနှစ် သြဂုတ်လ ၉ ရက်နေ့ ကျရောက်မည့် “The International Day of the World's Indigenous Peoples” နိုင်ငံတကာ ဌာနေတိုင်းရင်းသားတို့ အထိမ်းအမှတ်နေ့တွင် Mungnawk Hkawng Uru Ga ခေါ် ဖားကန့် ဌာနေသားတို့မှ လှုပ်ရှားမှု တစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်း ဆိုပါသည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...