လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးမှုနည်းပါသည့် မြို့နယ်များအပါအဝင် တိုင်းရင်းသားများနေထိုင်သည့် ပြည်နယ်များတွင် ကျေးရွာချင်းဆက်လမ်းများအား အလေးထားပြီး ပိုမိုဖောက်လုပ်ပေးရန် ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က နိုင်ငံတော်၏ အမျိူးသားအဆင့် ကျေးလက်လမ်း မဟာဗျူဟာရည်မှန်းချက်ဖြစ်သော ၂၀၃၀ ခုနှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ (၉၀ %) အပေါ် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ဖို့ဆိုရင် ကျေးလက်လမ်းများကို ပိုမိုဖောက်လုပ်ပေးရန် လိုအပ်နေပြီဟု အဆိုတင်သွင်းခဲ့သည်။
“မြန်မာနိုင်ငံရဲ့ လူဦးရေ (၁၅) သန်းကျော်ဟာ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းများမရှိခြင်းကြောင့် တစ်နှစ်ပတ်လုံးဖြစ်စေ၊ တစ်စိတ်တဒေသဖြစ်စေ ခွဲခြားထားခြင်းခံနေရပါတယ်၊ ဒီလိုအခြေအနေမျိူးဟာ ကျနော်တို့ တိုင်းရင်းသားဒေသမှာ အများဆုံးဖြစ်ပေါ်နေတာပါ” ဟု ဦးနေလင်းအောင်ကပြောသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျတဲ့ အခြေခံအချက်တစ်ချက်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်းသည် လူမှုစီးပွားဘဝများ မဖွံ့ဖြိုးမတိုးတက်စေရန် ကြီးမားသည့် အဟန့်အတားဖြစ်နေသည်ကို အထူးသတိပြုရမည်ဟု ၎င်းကပြောသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းမရှိတာကြောင့် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ခံကြရခြင်း၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ပညာရေးအခွင့်အလမ်းနည်းပါးခြင်းကြောင့် ပညာရေးနိမ့်ကျမှုများ ဖြစ်ပေါ်စေပြီး ပြည်ထောင်စုအစိုးရအနေဖြင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်းကို ပိုမိုလုပ်ဆောင်သင့်သည်ဟု ဦးနေလင်းအောင်ကပြောသည်။
ဦးနေလင်းအောင်၏အဆိုကို ရှမ်းပြည်နယ်၊ သန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကျေးလက်လမ်းမိုင်ပေါင်း (၆၀၀၀၀) ခန့့်ရှိပြီး ယင်းအနက် ကွန်ကရစ် (သို့) ကတ္တရာလမ်း (၆) ရာခိုင်နှုန်း၊ ကျောက်စရစ် (သို့) မြေနီလမ်း (၂၀) ရာခိုင်းနှုန်း နှင့် မြေသားလမ်း (၆၆) ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ ကျေးရွာများ၏ (၅) ပုံ (၁) ပုံခန့်သည် လမ်းများနှင့် ဆက်သွယ်ထားနိုင်ခြင်းမရှိဟုသိရသည်။







