ကချင် တရုတ်သစ်သျှူးငှက်ပျောခြံကြောင့် ငါး အများအပြား သေဆုံးမှု ဖြစ်လာ

ကချင် တရုတ်သစ်သျှူးငှက်ပျောခြံကြောင့် ငါး အများအပြား သေဆုံးမှု ဖြစ်လာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာ မှ တရုတ်သစ်သျှူးငှက်ပျောခြံအနီးရှိ Nam Myin Hka (နမ်မြင်ချောင်း)မှာ အကြောင်းမရှိဘဲ ငါးအကြီးအသေးမျိုးစုံ သေဆုံးမှုဖြစ်စဉ်ကြောင့် ရွာသားများ စိုးရိမ်နေကြ ပါသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ခန့်မှ စတင်ပြီး ကျေးရွာအနီး ငှက်ပျောခြံနံဘေးရှိ ချောင်းအရှည် ၂ မိုင်ခန့်မှာ ငါးသေဆုံးမှု ဖြစ်ခဲ့ပြီး ရွာသား အများစုကတော့ ငှက်ပျောခြံမှ ဓါတုဆေးတစ်မျိုးမျိုးကြောင့် ဟု ပြောဆိုနေကြသည်။

ထို့အပြင် ကျေးရွာအတွင်း ဆိတ်၊ နွား၊ ကျွဲ စသည့် အိမ်မွေး တိရစ္ဆာန်များမှာလည်း အဆိုပါ ချောင်းရေကို သောက်သုံးနေသည့်အတွက် ချောင်းကို အမြန်သန့်ရှင်းစေလိုကြောင်း ပြောပါသည်။

“ချောင်းရေကို အရင်အတိုင်း ပြန်လည် သန့်ရှင်းစေလိုပါတယ်။ ဒါကို အစိုးရဖြစ်ဖြစ် လုပ်ပေးစေချင်တယ်” ဟု အောင်မြေ ၂ ဒေသခံ ဒေါ် လရှမ်းဘန်လတ် ပြောပါသည်။

Nam Myin Hka (နမ်မြင်ချောင်း)သည် ကျေးရွာအတွင်း လယ်ယာ စိုက်ပျိုးရေးအတွက် အရေးပါပြီး အောင်မြေ ၂ မှတဆင့် အောင်မြေ ၁ ကျေးရွာ အထိ ဆက်လက်စီးဆင်းသွားသော ချောင်းဖြစ်ပါသည်။

လက်ရှိတွင် အောင်မြေ ၂ ကျေးရွာအနီး မြေဧက ၁၀၀ ကျော်ကို တရုတ် ငှက်ပျော စိုက်ပျိုးထားပြီး၊ ယခုနှစ် ထပ်ချဲ့လျှင် ဧက ၅၀၀ အထိ ဖြစ်လာနိုင်သည်ဟု ပြောပါသည်။

ဒေသခံ ရွာသားများက စိုက်ပျိုးရေး ကုမ္ပဏီတွေကို ၃ နှစ် သဘောတူ စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်း မှန်ကန်သော်လည်း ငှက်ပျောစိုက်မည့်အကြောင်း မူလက မသိခဲ့ဟု ပြောပါသည်။

“အမှန်ဆို ငှက်ပျော စိုက်ဖို့တောင် မချုပ်ဘူး။ တခြား ပီလောပီနံ၊ ဖရဲ တို့ စိုက်ဖို့ဖြစ်တယ်။ နောက်ပိုင်း ငှက်ပျော စိုက်လာတော့ ကျွန်တော်တို့လည်း ဘာမှ မပြောတော့ဘူး” ဟု ဒေသခံ Slg. Lagwi Ting Ying (ဦးလဂွေတိန့်ယိန်း) ပြောပါသည်။

ဝိုင်းမော်မြို့နယ်တွင် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးမှု ဧက ၁ သိန်းခွဲ ရှိကြောင်း မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက် အဖွဲ့၏ ဖေဖော်ဝါရီ ၇ ရက်နေ့ သုတေသနရှင်းပြချက်တွင် တွေ့ရသည်။

ထို့အပြင် ငှက်ပျောစိုက်ခင်းအတွင်း သုံးစွဲသော ဓါတုဆေးများကြောင့် တိရစ္ဆာန်များ၏ အစာကွင်းဆက် ပျက်စီးမှုဖြစ်ကာ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်လာနေကြောင်း ဖော်ပြထားပါသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...