ဓလေ့ထုံးတမ်းအစဉ်လာရ ပိုင်ဆိုင်သည့်မြေများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်း အဖြစ်သတ်မှတ်လျှင် ပြည်သူများနစ်နာမည်ဟု ချင်းပြည်နယ်သစ်တောဝန်ကြီးပြော

ဓလေ့ထုံးတမ်းအစဉ်လာရ ပိုင်ဆိုင်သည့်မြေများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်း အဖြစ်သတ်မှတ်လျှင် ပြည်သူများနစ်နာမည်ဟု ချင်းပြည်နယ်သစ်တောဝန်ကြီးပြော

ချင်းပြည်နယ်တွင် ဓလေ့ထုံးတမ်းအစဉ်လာရ ပြည်သူများပိုင်ဆိုင်ထားသော မြေများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲသည့် ဥပဒေအရ မြေရိုင်းအဖြစ် သတ်မှတ်လျှင် ပြည်သူများနစ်နာနိုင်သည်ဟု ချင်းပြည်နယ် စိုက်ပျိူးရေး၊ မွေးမြူးရေးနှင့် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းကပြောသည်။

“ချင်းပြည်နယ်က ရွှေ့ပြောင်းတောင်ယာနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတယ်၊ နှစ်ပေါင်းများစွာကတည်းကပေါ့နော်၊ ရှိခဲ့တာဖြစ်ပါတယ်၊ ဆိုတော့ ရွေ့ပြောင်းတောင်ယာဆိုတာ လုပ်ကွက် ဆယ်ကွက်၊ ဆယ့်ငါးကွက်ရှိမှ ကျွန်တော်တို့ တစ်နှစ်စာအတွက် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်တဲ့အနေအထားဖြစ်တော့ ဒါသမိုင်းတစ်လျှောက်ပေ့ါနော်၊ ဆိုတော့ ကျေးလက်တောရွာတွေမှာ မိသားစုတစ်စုက မြေကွက် ဆယ်ကွက်၊ ဆယ့်ငါးကွက်လောက် ပိုင်ထားတာဖြစ်ပါတယ်၊ အဲချိန်မှာ သူတို့က တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျ တောင်ယာခုတ်စားတယ်ဆိုတော့ (၁၀) နှစ်တန်သည် (၁၂) နှစ်တန်နဲ့ နားပေးရပါတယ်၊ ဒါကို ကျွန်တော်တို့ မြေလွတ်၊ မြေလပ်ဥပဒေနဲ့ မြေရိုင်းဆိုပြီးတော့ သတ်မှတ်ရင်တော့ ပြည်သူတွေ နစ်နာနိုင်မယ့်အနေအထားရှိပါတယ်” ဟု ဝန်ကြီးဦးမာန်ဟင်းဒါလ်း ကပြောသည်။

သို့သော်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲသည့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) ပုဒ်မ (၃၀) (ခ) တွင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်လာရ သတ်မှတ်မြေများကို ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ပါရှိသည့်အတွက် ပြည်သူများ၏ အခွင့်အရေးနှင့် ပြည်နယ်၏ ဖွံ့ဖြိုးမှုကို ချိန်ထိုးပြီး လုပ်ဆောင်ရန်လိုအပ်သည်ဟု ဝန်ကြီးကဆက်ပြောသည်။

“၂၀၁၈ မြေလွတ်၊ မြေရိုင်းဥပဒေ ပြင်ဆင်တဲ့ဥပဒေမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့အတိုင်းပိုင်ဆိုင်ထားတဲ့ မြေတွေသည် မြေလွတ်မြေလပ်မြေရိုင်းဥပဒေနဲ့ မသက်ဆိုင်စေရဆိုပြီးပါထားပါတယ်၊ ဆိုတော့ ဒါကို ကျွန်တော်တို့ ဖွံ့ဖြိုးမှုနဲ့ ခုနပြောသလို ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်းမှာ ပြည်သူတွေရဲ့အခွင့်အရေးနဲ့ တိုင်းပြည်၊ ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုကို ချိန်ထိုးပြီးတော့ လုပ်ရမှာဖြစ်တယ်လို့ ယူဆပါတယ်” ဟု ချင်းပြည်နယ် သစ်တောဝန်ကြီးကပြောသည်။

ချင်းမြေရာဆိုင်ရာကွန်ယက်မှာ တာဝန်ခံတစ်ဦးဖြစ်သည့် ဦးမာန်တပ်ကတော့ ယင်းဥပဒေပြင်ဆင်ချက်သည် ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာကြသည့် ကိုယ့်မြေနေရာတွင် တောင်ယာလုပ်ကိုင်ခွင့်ရဖို့ အစိုးရထံ လုပ်ပိုင်ခွင့်ပြန်တောင်းရမည့်သဘောဖြစ်သည့်အတွက် လက်မခံဟုဆိုသည်။

“ကျွန်တော်တို့တိုင်းရင်းသားဒေသမှာ ပုံစံ (၇) (လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်) လုပ်စရာမလိုဘူးလေ၊ တကယ်တမ်းကျတော့ ဒီဥပဒေက အတည်ဖြစ်မယ်ဆိုလို့ရှိရင် ပုံစံ (၇) ပြန်လုပ်မှပဲ၊ ဒီဟာက အတည်ဖြစ်မယ်ဆိုတဲ့ပုံစံနဲ့ပြောလာတာ၊ အဲဒါကြောင့် ပုံစံ (၇) တွေလုပ်လာတဲ့အချိန်မှာ ကျွန်တော်တို့ သွားပြီးစုံစမ်းတဲ့အချိန်မှာ အငှားပုံစံ (၇) လုပ်မှပဲ ဘာဘဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်ရှိမယ်ဆိုပြီး ပြောလာတာကြောင့်လေ၊ ဒါက မျက်လှည့်သဘောဖြစ်နေတယ်၊ ဒါကြောင့် ကျနော်တို့က လက်မခံတာ” ဟု ဦးမာန်တပ်ကပြောသည်။

ချင်းပြည်နယ်ရှိ မြေယာများသည် ချင်းလူမျိုးများ၏ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဘိုးဘွားပိုင်မြေသာဖြစ်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟူ၍ လုံးဝမရှိသောကြောင့် ယင်းဥပဒေကို ဖျက်သိမ်းပေးရန်၊ ဥပဒေဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ခေါင်းစဉ်တပ်၍ မြေသိမ်းခြင်း၊ စီမံကိန်းကြီးများ လာရောက်လုပ်ကိုင်ခြင်းတို့အား လုံး၀ ရပ်တန့်ရန်၊ ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ချင်းပြည်နယ်တွင် ဘိုးဘွားပိုင်မြေမရှိဟု ပြောဆိုချက်ကို လုံး၀ ကန့်ကွက်ရှုတ်ချသည်ဟု ချင်းမြေယာဆိုင်ရာကွန်ယက်အဖွဲ့က ဖေဖော်ဝါရီလ (၁၃) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...