(လေးကြိမ်မြောက်ကျင်းပသည့် ရက္ခပူရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို သံဃာ ၅၅၃ ပါးနှင့် သီလရှင် ၁၅ ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။)
စစ်တွေမြို့တွင် သာမဏေကျော်စာမေးပွဲဖြေဆိုပြီး မိမိနေရပ်သို့ပြန်သည့် စာဖြေသံဃာတော် ၂၀၀ ကျော် တားဆီးစစ်ဆေးခံရသည့် ကိစ္စအတွက် စာဖြေသံဃာတော်များကို တောင်းပန်ကြောင်း ရက္ခပူရသာသနာလင်္ကာရအသင်းမှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
သံဃာတော် ၂၂၇ ပါးမှာ ရက္ခပူရသာသနာလင်္ကာရအသင်းမှပြုလုပ်သည့် သာမကျော်စာမေးပွဲနှင့် ပရိယတ္တိ ဖွံ့ဖြိုးရေးဆိုင်ရာ စာတမ်းဖတ်ပွဲမှ နေရပ်သို့ပြန်ကြစဉ် ဖေဖော်ဝါရီလ ၁၅ နေ့တွင် ဥသျှစ်ပင် စစ်ဆေးရေးဂိတ်၊ ပြည်နဝဒေး တံတားစစ်ဆေးရေးနှင့် ပြည်မြို့ ဇောတိကာရုံကျောင်းတို့တွင် အဆင့်ဆင့် စစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။
ထိုသု့ိစစ်ဆေးရာတွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် ပူးပေါင်းအဖွဲ့များက သာမန် လုပ်ရိုးလုပ်စဉ်ထက်ပိုသော စစ်ဆေးမှုမျိုး လုပ်ဆောင်ခဲ့ကြောင်း ရက္ခပူရသာသနာလင်္ကာရအသင်းမှ ထုတ်ပြန်သည်။
“အခုလိုအဖြစ်မျိုးဟာ သာမဏေကျော် စာပေလောကအတွက် အများကြီး အရုပ်ဆိုး အကျဉ်းတန်စေပါတယ် ” ဟု ရက္ခပူရသာသနာလင်္ကာရအသင်း အတွင်းရေးမှူး ဦးတင်ငြိမ်းဦးက ပြောသည်။
သံဃာတော်များကို ၁၂ နာရီခန့် စစ်ဆေးမှုများလုပ်ဆောင်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၂ နာရီအချိန်မှသာ ပြည်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာခွင့် ရခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ အစစ်ဆေးခံရမှုကြောင့် စာဖြေသံဃာတော်များ လမ်းခရီးတွင် အရုဏ်ဆွမ်း၊ နေ့ဆွမ်း အဆင်မပြေမှုများ ရှိခဲ့သည့်အတွက်လည်း ရက္ခပူရသာသနာလင်္ကာရအသင်းမှ သံဃာတော်များကို တောင်းပန်ထားသည်။







