မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ (၂၀၁၈) ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ချင်းပြည်နယ်တွင် “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမရှိ” ပိုစတာ ကမ်ပိန်းလှုပ်ရှားမှုကို ချင်းမြေယာဆိုင်ရာ ကွန်ယက်က ဟားခါး နှင့် တွန်းဇံမြို့တွင် ယနေ့ပြုလုပ်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်း (၁၁) နာရီခန့်ကစတင်ပြီး ဟားခါးမြို့နှင့် တွန်းဇံမြို့ရှိ လူစည်ကားရာနေရာ၊ လမ်းဆုံလမ်းဂွများတွင် “မြေ- ရောင်းကုန်မဟုတ်ပါ၊ ချင်းပြည်နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိ။ ဘိုးဘွားပိုင်မြေသာရှိသည်။” ဆိုသည့် ပိုစတာ၊ ဗီနိုင်းများကို လိုက်လံကပ်ခဲ့ကြသည်ဟု ချင်းမြေယာဆိုင်ရာကွန်ယက်မှ တာဝန်ခံတစ်ဦးဖြစ်သည့် ကို မန်ဇခုပ်ကပြောသည်။
“ချင်းပြည်နယ်မှာ မြေလွတ်၊ မြေလပ် မရှိဘူး ဘိုးဘွားပိုင်မြေပဲရှိတယ်၊ ချင်းတိုင်းရင်းသားတွေမှာ ဘိုးစဉ်ဘောင်ဆက် ကနေ ကျင့်သုံးလာခဲ့တဲ့ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့် တို့ကို ကာကွယ်ဖို့ခုလို လှုပ်ရှားမှုစတင်တာ ဖြစ်တယ်’’ ဟု ကို မန်ဇခုပ်ကပြောသည်။
ယခုလှုပ်ရှားမှုသည် ပထမအဆင့်လှုပ်ရှားမှုဖြစ်ပြီး ယခုလ ဖေဖော်ဝါရီလ (၂၀) ချင်းအမျိူးသားနေ့မတိုင်ခင်တွင် ချင်းပြည်နယ် (၉) မြို့နယ်စလုံးတွင် အပြီးလှုပ်ရှားကြမည်ဟု သူကဆက်ပြောသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့ကြပြီး ပြန်လည်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က အစိုးရကထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြင်ဆင်ချက်ဥပဒေထုတ်ပြန်ပြီး (၆) လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားရမည်ဖြစ်သည်။
လျှောက်ထားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဗဟိုကော်မတီက နိုဝင်ဘာလ (၂) ရက် နေ့စွဲနဲ့ အသိပေးစာ ထုတ်ပြန်ခဲ့သည်။
ချင်းပြည်နယ်ရှိ မြေယာများသည် ချင်းလူမျိုးများ၏ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဘိုးဘွားပိုင်မြေသာဖြစ်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟူ၍ လုံးဝမရှိသောကြောင့် ယင်းဥပဒေကို ဖျက်သိမ်းပေးရန်၊ ဥပဒေဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းခေါင်းစဉ်တပ်၍ မြေသိမ်းခြင်း၊ စီမံကိန်းကြီးများ လာရောက်လုပ်ကိုင်ခြင်းတို့အား လုံး၀ ရပ်တန့်ရန်၊ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ချင်းပြည်နယ်တွင် ဘိုးဘွားပိုင်မြေမရှိဟု ပြောဆိုချက်ကို လုံး၀ ကန့်ကွက်ရှုတ်ချသည်ဟု ချင်းမြေယာဆိုင်ရာကွန်ယက်အဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ချင်းမြေယာဆိုင်ရာကွန်ယက်ကို ချင်းအမျိုးသားမြေယာပေါ်လစီ ပေါ်ပေါက်ရေးအတွက် ချင်းပြည်နယ် ၉ မြို့နယ်မှ ဒေသခံကိုယ်စားလှယ်များ၊ ချင်းအရပ်ဖက်အဖွဲ့အစည်း များပါဝင်ပြီး ကွန်ယက်အဖွဲ့ဝင် ၂၇ ဦးဖြင့် ၂၀၁၈ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သည်ဟုသိရသည်။ (ဓာတ်ပုံ – ချင်းမြေယာဆိုင်ရာ ကွန်ယက်)







