ချင်းပြည်နယ်၏ မြေယာနှင့် သဘာဝအရင်းအမြစ်များကို ချင်းလူမျိုးများသဘောထားမပါဘဲ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်းမပြုဟု ချင်းမြေယာကွန်ယက်အဖွဲ့ပြော

ချင်းပြည်နယ်၏ မြေယာနှင့် သဘာဝအရင်းအမြစ်များကို ချင်းလူမျိုးများသဘောထားမပါဘဲ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်းမပြုဟု ချင်းမြေယာကွန်ယက်အဖွဲ့ပြော

ချင်းလူမျိုးများသည် ချင်းပြည်နယ်အတွင်း မြေယာသဘာဝသယံဇာတအားလုံး၏ မူလပိုင်ရှင်ဖြစ်ပြီး ချင်းလူများ သဘောထားမပါဘဲ ပြင်ဆင်ပြောင်းလဲသတ် မှတ်ခြင်းမပြုကြောင်း ချင်းမြေယာဆိုင်ရာကွန်ယက် Chin Land Affairs Network (CLAN) ပြောဆိုလိုက်သည်။

ချင်းမြေယာဆိုင်ရာကွန်ယက်အဖွဲ့သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ (၂၀၁၈) အပေါ် ပြည်သူတို့၏ ရင်ဆိုင်ရမည့် အန္တရာယ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကလေးမြို့တွင် ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

ချင်းမြေယာဆိုင်ရာကွန်ယက်မှ တာဝန်ရှိသူ ဦးမန်ဇခုပ်က “ချင်းမြေယာတွေကို ချင်းလူမျိုးကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိရမယ် ပြီးတော့ သဘာဝသယံဇာတတွေကိုလည်း ကျွန်တော်တို့ခွဲဝေသုံးစွဲတဲ့အခါမှာလည်း ချင်းလူမျိုးတွေရဲ့ သဘောတူညီမှုတွေ ရယူပြီးမှသာ လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် ချင်းလူမျိူးများ၏ ဘဝရပ်တည်မှု အသက်မွေးဝမ်းကျောင်း သမိုင်းယဉ်ကျေးမှုများကိုလည်း ထိခိုက်နစ်နာစေသည်ဟု ၎င်းကဆက်ပြောသည်။

“အခု မြေလွတ် မြေလပ် ဥပဒေက ကျွန်တော်တို့ချင်းပြည်နယ်မှ မြေလွတ် မြေလပ်မရှိတဲ့အပြင် တကယ်လို့များ မြေလွတ် မြေလပ်ရှိခဲ့သော်ပေါ့ ဥပမာ မြေလွတ်မြေလပ်ဆိုတာက ဗဟိုကပဲပေးပိုင်ခွင့်ရှိတယ် ကျွန်တော်တို့ချင်းပြည်နယ်အစိုးရရော ချင်းအမျိုးအနွယ်စုတွေပေးလို့မရဘူး အဲဒီတော့ ကျွန်တော့်တို့ရဲ့ ချင်းဘိုးဘွားပိုင် အမွေအနှစ်နေရာတွေဆိုလို့ရှိရင် နေပြည်တော်ကပဲစီမံခန့်ခွဲပိုင်ခွင့်ရှိတယ်ဆိုတော့ ဒါတွေက ကျွန်တော်တို့ ဓလေ့ထုံးတမ်းစီမံခန့်ခွဲမှုကို လုံးလုံး၀၀ ချိုးဖောက်တဲ့ ဥပဒေတွေဖြစ်နေတဲ့အတွက် ဒီဥပဒေက ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှု ဓလေ့ထုံးတမ်းတွေကို ရိုက်ချိုးတဲ့ ဥပဒေဖြစ်တယ်” ဟု ဦးမန်ဇခုပ်ကပြောသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့ကြပြီး ပြန်လည်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က အစိုးရကထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြင်ဆင်ချက်ဥပဒေထုတ်ပြန်ပြီး (၆) လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဗဟိုကော်မတီက နိုဝင်ဘာလ (၂) ရက် နေ့စွဲနဲ့ အသိပေးစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါဥပဒေကို ချင်းပြည်နယ်အတွင်း လက်ခံကျင့်သုံးပါက အစိုးရအသိအမှတ်ပြုစာရွက်စာတမ်းမပြနိုင်သူများအတွက် မြေနေရာဆုံးရှုံးမှုအကြီးအကျယ်ဖြစ်လာနိုင်သည်ဟု ဦးမန်ဇခုပ်ကထောက်ပြသည်။

“အခုဒီဥပဒေကိုလက်ခံမယ်ဆိုရင် ဗဟိုအစိုးရက ကြိုက်သလို လက်ညှိုးထိုးပြီးမှ နိုင်ငံခြားသားရော company တွေရောချပေးလို့ရတယ် အဲဒီခါကျရင် ကျွန်တော်တို့ဒေသခံဘိုးဘွားပိုင်နဲ့ လက်ရှိလုပ်ငန်းလုပ်ကိုင်သူတွေက နေရာဆုံးရှုံးမှုဖြစ်နိုင်တယ် ပြီးတော့ ကျွန်တော်တို့လက်ရှိ ချင်းပြည်နယ်မှာဆိုလို့ရှိရင် အခုလက်ရှိလုပ်ကိုင်နေတဲ့နေရာ အထောက်အထားတွေပြပါဆိုရင် ပြနိုင်တဲ့နေရာတွေတော်တော်နည်းတယ် အဲဒီခါကျတော့ မပြနိုင်တဲ့နေရာကို မြေလွတ် မြေလပ်ဖြစ်သွားမယ့်သဘောဖြစ်ပါတယ်’’ ဟု သူကပြောသည်။

မြေလွတ် မြေလပ် ဥပဒေသည် မကြာသေးခင်မှပေါ်ပေါက်လာသည့် ဥပဒေဖြစ်ပြီး ချင်းလူမျိုးများသည် ရှေးဘိုးဘွားစဉ်ဆက် ကျင့်သုံးလာသည့်ဥပဒေထုံးတမ်းနေရာစီမံခန့်ခွဲမှုကို ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ ချိုးဖောက်သည့် ဥပဒေဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်ရှိ မြေယာများသည် ချင်းလူမျိုးများ၏ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဘိုးဘွားပိုင်မြေသာဖြစ်ပြီး မြေလွတ် မြေလပ် မြေရိုင်းဟူ၍ လုံးဝမရှိသောကြောင့် ယင်းဥပဒေကိုဖြတ်သိမ်းပေးရန်၊ ဥပဒေဖြင့် မြေလွတ် မြေလပ် မြေရိုင်းခေါင်းစဉ်တပ်၍ မြေသိမ်းခြင်း စီမံကိန်းကြီးများလာရောက်လုပ်ကိုင်ခြင်းတို့အား လုံးဝရပ်တန့်ရန်၊ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ချင်းပြည်နယ်တွင် ဘိုးဘွားပိုင်မြေမရှိဟု ပြောဆိုချက်ကို လုံးဝကန့်ကွက် ရှုတ်ချသည်ဟု ချင်းမြေယာဆိုင်ရာကွန်ယက်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...