အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်တွင် ချင်းလူမျိုးများကိုလည်းထည့်သွင်းရန် Chakma အဖွဲ့ တောင်းဆိုမှုအပေါ် စိုးရိမ်စရာမရှိဟုဆို

အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်တွင် ချင်းလူမျိုးများကိုလည်းထည့်သွင်းရန် Chakma အဖွဲ့ တောင်းဆိုမှုအပေါ် စိုးရိမ်စရာမရှိဟုဆို

အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက် Citizenship (Amendment) Bill, 2016 တွင် ချင်းလူမျိုးများလည်း ပါဝင်ထည့်သွင်းရန် Chakma community လက်အောက်ရှိ အဖွဲ့ (၈) ခု ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးထံ တောင်းဆိုသည့်အပေါ် စိုးရိမ်စရာမရှိကြောင်း မီဇိုရမ်ရှိ ချင်းအဖွဲ့အစည်းများမှ ဦးဆောင်သူများက ပြောသည်။

ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာကတည်းက လွတ်လွတ်လပ်လပ်နေထိုင်လာခဲ့ကြကြောင်း၊ ချင်းနှင့် မီဇိုးများသည် ညီအကိုမောင်နှမများဖြစ်ကြပြီး အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ချက်တွင် Chakma လူမျိုးများအနေဖြင့် ချင်းလူမျိုးများအတွက် တောင်းပေးစရာမလိုကြောင်း ချင်းအမျိုးသားတပ်ဦး ဗဟိုတရားရုံး တရားသူကြီး ဦးလာလ်ရမ်းလောမ်မာက ပြောသည်။

“ချင်းဆိုတာ မီဇိုးပါဘဲ၊ မီဇိုရမ်အစိုးရ အရင်အစိုးရဖြစ်စေ၊ ယခုအစိုးရမှာလည်း မီဇိုရမ်မှာ လွတ်လွတ်လပ်လပ်နေထိုင်ကြတယ်၊ တကယ်တန်း ဥပဒေအရဆိုရင် တစ်ညတောင်အိပ်ခွင့်မရှိဘူး၊ ဒါပေမယ့် အခုဆိုရင် နှစ်နဲ့ချီနေထိုင်လာကြတယ်၊ ပြီးတော့ ချင်းတွေကို မီဇိုးတွေက ညီအကိုများဖြစ်ကြတယ်ဆိုပြီး ချစ်ကြတယ်၊ ဒါကြောင့် ချင်းလူမျိုးအတွက် တောင်းပေးစရာမလိုဘူး၊ လိုချင်ရင် ကျနော်တို့ကိုယ်တိုင်တောင်းလို့ရတယ်၊ ကျနော်တို့မတောင်းဘဲ၊ သူတို့က တောင်းပေးတာက သွေးရိုးသားရိုးမဟုတ်ဘူး၊ ဒါမေတ္တာမဟုတ်ဘူး၊ Chakma တွေရဲ့ရည်ရွယ်ချက်ဟာ ပေါ်လွင်ပါတယ်၊ ဒါကြောင့် ဘာမှ စိုးရိမ်စရာမရှိပါဘူး” ဟု ပြောသည်။

ဆက်လက်ပြီး မီဇိုရမ်ပြည်နယ်တွင် ချင်းလူမျိုးများစွာနေထိုင်ကြသည်ဟုဆိုကာ အဆိုပါ Citizenship (Amendment) Bill တွင် မြန်မာနိုင်ငံ၊ ချင်းပြည်ကို ထည့်သွင်းလိုခြင်းမှာ နိုင်ငံခြားသားအနေဖြင့် ယခု Bill တွင် ပါဝင်ပါက သူတို့ Chakma လူမျိုးများအနေဖြင့် အလိုလို နိုင်ငံသားဖြစ်လာနိုင်သောရည်ရွယ်ချက်ဖြင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဦးလာလ်ရမ်းလောမ်မာက ဆက်ပြောသည်။

“Chakma လူမျိုးတွေအနေနဲ့ ဒီ Bill မှာ မြန်မာနိုင်ငံ၊ ချင်းပြည်လည်း ထည့်သွင်းသင့်တယ်၊ မီဇိုရမ်ပြည်နယ်မှာ ချင်းလူမျိုးအများကြီး ရှိကြတယ်ဆိုတာက နိုင်ငံခြားသားတွေ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုရင် ငါတို့က အိန္ဒိယနိုင်ငံသားတွေဖြစ်တယ်ဆိုပြီး နောက်တဆင့် တောင်းဆိုလာမယ့်အရာဖြစ်တယ်ဆိုတာ သိသာပါတယ်၊ အဲဒီရည်ရွယ်ချက်ဖြင့်လည်း ခုလို လုပ်ဆောင်တာဖြစ်တယ်၊ ချင်းပြည်သူ လူထုကို ချစ်လို့ လုပ်ဆောင်တဲ့အရာမဟုတ်ဘူး” ဟု ဦးလာလ်ရမ်းလောမ်မာက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းလူမျိုးများအနေဖြင့် Chakma လူမျိုးများနှင့် သွားရောက်ပူးပေါင်းပြီး လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သူတို့သဘောနှင့်သူ လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် စိုးရိမ်စရာမလိုကြောင်း မီဇိုရမ်ပြည်နယ်အခြေစိုက် Chin Pawlpi ဒု-ဥက္ကဌ Pu Vanneichem က ယခုလို သုံးသပ်ပြောဆိုခဲ့သည်။

“ကျနော်တို့ ချင်းလူမျိုးတွေက သူတို့နဲ့သွားရောက်ပူးပေါင်းပြီး လုပ်ဆောင်တာမျိုးမဟုတ်ဘဲ၊ အခုဟာက သူတို့သဘောနဲ့ ထည့်သွင်းသင့်တယ်ဆိုပြီးတောင်းဆိုနေတာဖြစ်တယ်၊ ဒါကြောင့် အကျိုးသက်ရောက်မှုရှိရင်လည်း အကောင်းဘက်ကဘဲဖြစ်မှာပါ၊ အဆိုးတော့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ချင်းလူမျိုးတွေက သဘောတူလို့ လုပ်တာမှမဟုတ်တာ၊ ဒါကြောင့် အဆိုးဘက်ကိုတော့ ဖြစ်လာနိုင်မယ်လို့ မထင်ဘူး” လို့ ပြောသည်။

၂၀၀၉ ခုနှစ် အမေရိကန်အခြေစိုက် Human Rights Watch အဖွဲ့မှ ထုတ်ပြန်သော “The Chin People of Burma: Unsafe in Burma, Unprotected in India” အစီရင်ခံစာအရ မီဇိုရမ်ပြည်နယ်အတွင်း ချင်းလူမျိုး တစ်သိန်းခန့်ရှိနေကြကြောင်း၊ မဏိပူပြည်နယ်တွင်လည်း ချင်းလူမျိူးများရှိနေကြကြောင်း၊ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ချင်းလူမျိူးများအပါအဝင် အိန္ဒိယနိုင်ငံအတွင်း ချင်းဒုက္ခသည်ပေါင်း ၁.၂ သိန်း ကျော်ခန့်ရှိသည်ဟု Chakma NGO (၈) ခု ပူးပေါင်းအဖွဲ့အစည်းကပြောဆိုပြီး ဇန်နဝါရီလ (၃၀) ရက်နေ့က အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက် The Citizenship (Amendment) Bill 2016 ကို အိန္ဒိယနိုင်ငံတွင် အတည်ပြုပါက Afghanistan, Bangladesh နှင့် Pakistan နိုင်ငံများမှ အိန္ဒိယနိုင်ငံကိုဝင်ရောက်လာသည့် Hindu, Sikh, Buddhist, Jain, Persi ဘာသာဝင်များသည် အိန္ဒိယနိုင်ငံအတွင်း (၆) နှစ်နေထိုင်လာပါက နိုင်ငံသားဖြစ်ခွင့်ပေးသွားမည်ဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...