ဗိုလ်ချူပ်ကြေးရုပ်အရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့်အဖြေရှာရန် ချင်းအရပ်ဘက်အဖွဲ့အစည်း (၃၀) ကျော်က တောင်းဆို

ဗိုလ်ချူပ်ကြေးရုပ်အရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့်အဖြေရှာရန် ချင်းအရပ်ဘက်အဖွဲ့အစည်း (၃၀) ကျော်က တောင်းဆို

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှု ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူများအား အင်အားသုံးနှိမ်နှင်းစေသည့် ကယားပြည်နယ်အစိုးရအဖွဲ့၏လုပ်ရပ်ကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့်သာအဖြေရှာရန် ချင်းအရပ်ဘက်အဖွဲ့အစည်း (၃၀) ကျော်က တောင်းဆိုလိုက်သည်။

ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှု ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူများအား အင်အားသုံးနှိမ်နှင်းသည်ကိစ္စနှင့်ပတ်သက်၍ ချင်းအရပ်ဘက်အဖွဲ့အစည်း (၃၇) ဖွဲ့က ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး ယခုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကရင်နီပြည်နယ် နယ်နိမိတ်အတွင်း ဗိုလ်ချူပ်အောင်ဆန်းနှင့်ပတ်သက်သော အထိမ်းအမှတ်ရုပ်တုများ စိုက်ထူခြင်းမျိူးကို ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်သူပြည်နယ်သားများနှင့် လုံလောက်သော ကြိုတင်ဆွေးနွေးသဘောတူမှုများရယူပြီးမှသာ ဆောင်ရွက်စေသင့်ပြီး ယခုကဲ့သို့ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုသည် ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်သူပြည်နယ်သားများနှင့် လုံလောက်သည့် ဆွေးနွေးတိုင်ပင်မှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်’’ ဟု ၎င်းတို့၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ပြည်နယ်သူပြည်နယ်သားများ၏ သဘောထားဆန္ဒအပြည့်အဝမပါရှိဘဲ ဗိုလ်ချူပ်ကြေးရုပ်တည်ဆောက်စေခြင်းနှင့် လက်နက်မဲ့ပြည်သူများအား အင်အားသုံးနှိမ်နှင်းသည့် ကယားပြည်နယ်အစိုးရအဖွဲ့၏လုပ်ရပ်ကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ပြီး ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာဆန္ဒပြပြည်သူများနှင့် သဘောတူညီချက်ရရှိထားသည့် အချက်အများနှင့်အညီ ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက်ညှိနှိုင်း အဖြေရှာဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံများ၏ ကန့်ကွက်မှုကြားထဲက ယခုလ (၂) ရက်နေ့က ပြည်နယ်အစိုးရက ကြေးရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဗိုလ်ချူပ်ကြေးရုပ်ပြန်လည်ဖျက်သိမ်းပေးရေးအတွက် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ ပြည်ထောင်စုနေ့တွင် ဒေသခံပြည်သူများက ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် ပြည်သူများအား ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲသည့်အတွက် အယောက် (၂၀) ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။

နောက်ဆုံးတွင် ကယားပြည်နယ်အစိုးရအဖွဲ့က ဆန္ဒပြပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီချက်ရရှိခဲ့ကြသည်။

ယင်းသဘောတူညီချက်များတွင် ဆန္ဒပြပြည်သူများအား တရားစွဲဆိုမှုကို ပြန်ရုပ်သိမ်းရန်၊ ဗိုလ်ချူပ်ရုပ်တုဖျက်သိမ်းသင့်/မသင့် တစ်လအတွင်း ဆွေးနွေးရန်၊ အဆိုပါဆွေးနွေးမှုမှ ရရှိလာသော သဘောတူညီချက်များကို အစိုးရမှ အကောင်အထည်ဖော်ဆောင်ရန် စသည်တို့ပါဝင်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...