မြစ်ကြီးနား NCS ကျောင်းသူကျောင်းသားများ နှင့် ဆရာ ဆရာမများ က မလိခနှင့် အင်မိုင်ခ မြစ်ဆုံတွင် အမှိုက်ရှင်းလင်းခြင်း လှုပ်ရှားမှု စနေနေ့က ပြုလုပ်ခဲ့သည်။
ဂေါနန်ကျေးရွာတွင် ဖွင့်လှစ်ထားသော Naushawng Community School မှ ကျောင်းသူကျောင်းသားများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း ၉၀ ဦး နီးပါးသည် မြစ်ဆုံအပန်းဖြေစခန်းနှင့် မြစ်ဆုံ၏သဘာဝလှပမှုကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် စွန့်ပစ် အမှိုက်များကို လိုက်လံ ရှင်းလင်းသိမ်းဆည်းမှု ပြုလုပ်ခြင်းဖြစ်သည်ဟု ဦးဆောင်သူများ ဆိုပါသည်။
NCS ကျောင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို သီးခြား ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပေးနေပြီး အခြားဒေသမှ တက်ရောက်သော ကျောင်းသားများကို မြစ်ဆုံ၏ သဘာ၀ အလှတရားနှင့် ဘာ့ကြောင့် မြစ်ဆုံစီမံကိန်း ပြုလုပ်သင့်မသင့် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်ပြီး ဖော်ဖေါ်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀နာရီမှ နေ့လည် ၁၂း၀၀ ချိန်ထိ အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
“ကျနော်တို့ အမှိုက်ကောက်နေတာမြင်တော့ အချို့ဧည့်သည်တွေက လာရောက် ကောက်သိမ်းကူတာလည်းရှိပါတယ်” ဟု NCS ကျောင်းအုပ် ဆရာ Seng Lat Awng ဆိုသည်။
ကောက်ယူရရှိသည့် အမှိုက်အများစုသည် ပျက်စီးရန်ခက်ခဲသော ပလတ်စတစ်များ၊ ပုလင်းခွံများ၊ သတ္တုဗူးခွံများ၊ အချိုရည်ဗူးခွံများဖြစ်ပြီး မြစ်ဆုံကိုလာလည်သူများ အလွယ်တကူစွန့်ပစ်သွားသည့် အမှိုက်များဖြစ်ကြောင်း ဆို သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က စီတာပူမနောကွင်းတွင် လူထောင်ချီ၍ မြစ်ဆုံစီမံကိန်း ရာသက်ပန်ရပ်ဆိုင်းရေး ဆန္ဒပြပွဲ အပြီး နှစ်ရက် အကြာမှာ ယခုကဲ့သို့် မြစ်ဆုံတွင် ကျောင်းသားများ အမှိုက်ကောက် လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်သည်။







