One Championship ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲတွင် ချင်းကစားသမားသစ် ယှဉ်ပြိုင်ထိုးသတ်မည်

One Championship ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲတွင် ချင်းကစားသမားသစ် ယှဉ်ပြိုင်ထိုးသတ်မည်

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် မတ်လ (၈) ရက်နေ့၌ ကျင်းပမည့် One Championship ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲတွင် ချင်းကစားသမား Tial Cung Thang သည် ကမ္ဘောဒီးယားနိုင်ငံသား Rin Saroth နှင့် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဟု သိရသည်။

Tial Cung Thang သည် MMA ခေါ် ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲတွင် ပထမဦးဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် ချင်းလူမျိူးဖြစ်လာမည်ဖြစ်သည်။

“လာမယ့် ၂၀၁၉ မတ်လ (၈) ရက်နေ့ကျရင် သုဝဏ္ဏအားကစားကွင်းမှာ ကျွန်တော် တီာလ်ထန်ရယ်, ဖိုးသော်ရယ်, အန်တိုနီယာရယ်က မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ထိုးသတ်ရမှာဖြစ်ပါတယ်၊

မြန်မာပရိသတ်တွေ ဂုဏ်ယူစေနိုင်လောက်တဲ့ရလာဒ်မျိုး ပေါ်ထွက်လာဖို့ ကြိုးစားနေကြတာမို့ အားပေးကြဖို့ မျော်လင့်ပါတယ်” ဟု Tial Cung Thang က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။

Tial Cung Thang နှင့် ယဉ်ပြိုင်မည့် ကမ္ဘောဒီးယားနိုင်ငံသား Rin Saroth သည် MMA ပြိုင်ပွဲတွင် စုစုပေါင်း (၅) ကြိမ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး (၂) ကြိမ်အနိုင်ယူကာ (၃) ကြိမ်ရှူံးနိမ့်ထားသည်ဟု သိရသည်။

“MMA မှာဝင်ခဲ့တာ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ဖြစ်တယ်၊ MMA မှာ ကျွန်တော့အနေနဲ့ အနိုင်ရရှိမှုမှတ်တမ်း တစုံတခုမှ ပြောစရာမရှိသေးပါဘူး၊ အခုပြင်ဆင်မှုက ကောင်းပါတယ်၊ မိသားစုနဲ့ခွဲပြီး တခြားနေရာမှာ လေ့ကျင့်မှုလုပ်နေပါတယ်၊ ကျွန်တော့်လေ့ကျင့်ဖော်တွေက တော်တော်တောင့်တဲ့သူတွေဖြစ်တယ်၊ သူတို့နဲ့လေ့ကျင့်နေရတာ အများကြီး စိတ်ချမှုရှိတယ်၊ ကျန်းကျန်းမာမာ ဘုရားသခင်က လမ်းပြမှုကြောင့် ဒီတခါပွဲမှာ အနိုင်ရလိမ့်မယ်လို့ ယုံကြည်တယ်၊ ဒီပွဲဟာ ကျွန်တော့အတွက် ပွဲဦးထွက်ပွဲစဉ်ဖြစ်နေတော့ ချင်းလူမျိုးတခုလုံးက ဆုတောင်းပေးမှု၊ အားပေးမှု လိုချင်တယ်” ဟု Tial Cung Thang က The Chinland Post သတင်းဌာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရိဒါပြည်နယ်တွင် မိသားစုနှင့်အတူနေထိုင်လျက်ရှိပြီး USA နပန်းပွဲများတွင်လည်း ဆုနှစ်ကြိမ်ရရှိဖူးပြီး ချင်းရိုးရာနပန်းပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ဖူးကာ အကြိမ်ကြိမ်အနိုင်ရရှိခဲ့ဖူးသူဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...