အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ လာမည့်အပတ် တွေ့ဆုံနိုင်ရန် စီစဉ်နေ

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ လာမည့်အပတ် တွေ့ဆုံနိုင်ရန် စီစဉ်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်သား၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ကချင်ပြည်နယ်
ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်သား၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ကချင်ပြည်နယ်

အစိုးရ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ လာမည့် အပတ်အတွင်း တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်နေသည်ဟု မြစ်ကြီးနား အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ဆိုသည်။

တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၃ ရက် နှင့် ၂၀ ရက်ကြား ပြုလုပ်နိုင်ရန် စီစဉ်ထားပြီး တွေ့ဆုံမည့် နေရာကိုလည်း ဆွေးနွေးနေဆဲ ဖြစ်သည်ဟု PCG မှ Lamai Gum Ja (ဦး လမိုင်ဂွမ်ဂျာ) ယခုလို ပြောပါသည်။

“ဒီလ ၁၃ -၂၀ ရက် ကြား ဘယ်ရက်ဖြစ်မယ်ဆိုတာ မသိသေးဘူး။ ဆွေးနွေးမယ့်အစီစဉ်တော့ ရှိတယ်။ နေရာလည်း အတိအကျ မသိသေးဘူး။ ဆွေးနွေးနေဆဲတယ်။ အစိုးရဘက်ကတော့ ပြည်တွင်းမှာ လုပ်ချင်တယ်။ လက်နက်ကိုင်အဖွဲ့တွေကတော့ တရုတ်ပြည်မှာ လုပ်ချင်တယ်။ အဲဒီ ၂ ချက် ဘယ်လိုဖြစ်လာမယ် မသိသေးဘူး။”

ယခုအကြိမ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သည့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးတပ်မတော် MNDAA နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် အစိုးရ နှင့် သီးခြား တွေ့ဆုံခြင်း မဟုတ်ဘဲ အတူတူ တွေ့ဆုံရန် ဖြစ်သည်။

“NRPC နဲ့ တွေ့ဖို့တော့ လုပ်ထားတယ်။ ဒါမှမဟုတ် PC နဲ့ ဖြစ်လာမလား အဲဒါလည်း အတိကျ မသိသေး” ဟု အစိုးရဘက်အခြေအနေနဲ့ ပတ်သက်ပြီး Lamai Gum Ja ဆက်လက် ပြောသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့ အစိုးရ NRPC နှင့် KIO တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူခဲ့သည်။

ယင်းဆွေးနွေးပွဲအပြီး ယခုပြုလုပ်မည့် ဆွေးနွေးပွဲကို ပြည်တွင်း၌ပြုလုပ်နိုင်ရန် အစိုးရဘက်မှ တောင်းဆိုထားခြင်းဖြစ်သည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...