ရခိုင်ပြည်နယ်အတွင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် လက်ရှိ အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေးသမားများကို ငွေကြေးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)၏ နိုင်/ကျဉ်း ထောက်ပံ့ရေးကော်မတီမှ သိရသည်။
နိုင်ငံရေးအကျဉ်းသားများကို ငွေကြေးထောက်ပံ့နိုင်ရန် ပါတီအတွင်း ငွေကြေးကောက်ခံစုဆောင်းထားခြင်း၊ သီးခြားလှူဒါန်းထားသည့် အလှူရှင်များထံမှ ရရှိသော ငွေကြေးများဖြင့် တစ်လတစ်ကြိမ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်/ကျဉ်းတစ်ဦးစီအတွက် မည်မျှထောက်ပံ့ပေးမည်ကို မသတ်မှတ်ရသေးဘဲ နိုင်/ကျဉ်းများကို စာရင်းပြုစုနေကြောင်း နိုင်/ကျဉ်းထောက်ပံ့ရေးကော်မတီ အဖွဲ့ဝင် ကိုဂန်ဘာရီက ပြောသည်။
“လက်ရှိမှာတော့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၈ ယောက်ရှိနေပါတယ်။ နိုင်ငံရေးအရ မတရားဖမ်းဆီးခံနေရတဲ့လူတွေဟာ ဆင်းရဲတဲ့သူတွေပါတယ်။ နိုင်ငံရေးကြောင့် အကျဉ်းထောင်ထဲမှာ နေရတဲ့သူတို့အတွက် တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်ဖို့ လုပ်ပေးတာပါ ” ဟု ကိုဂန်ဘာရီက ပြောသည်။
ယခုကဲ့သို့ နိုင်/ကျဉ်းများအား ထောက်ပံ့ပေးမည်ကို ကြိုဆိုကြောင်းနှင့် ရေရှည်အစီစဉ်တစ်ရပ်အနေဖြင့် လုပ်ဆောင်နိုင်ပါက ပိုကောင်းမည်ဟု ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုဇော်မင်းသန်းက ပြောသည်။
“နိုင်/ကျဉ်းအများစုကတော့ ဘာအကျိုးမှမျှော်လင့်ပြီး လုပ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အပြင်လောကကို ပြန်ရောက်တဲ့အခါ အခုလိုမျိုး အသိမှတ်ပြုပေးတာတော့ နိုင်/ကျဉ်းတွေအတွက် ဖြေသိမ့်စရာ တစ်ခုလို့ပဲ ပြောရမယ် ” ဟု ကိုဇော်မင်းသန်းက ဆိုသည်။
ယခုထောက်ပံ့မည့်အစီအစဉ်အတွက် ရခိုင်အမျိုးသားပါတီ လူငယ်အသိုင်းအဝိုင်းက ဇန်နဝါရီလ ၂၀၊ ၂၁ ရက် နေ့တွင် အစည်းဝေးပြုလုပ်ကာ လူငယ် ၇ ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်/ကျဉ်းများကို ထောက်ပံ့ပေးမည့်အစီစဉ်တွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပုဒ်မများနှင့် တရားစွဲခံနေရသူများနှင့် ရခိုင်အမျိုးသားရေးအတွက် တက်ကြွစွာလုပ်ဆောင်ခဲ့မှုကြောင့် အကျဉ်းကျနေရသူများ ပါဝင်ကြောင်း သိရသည်။







