ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုအတွင်း ကျည်စထိမှန်ပြီးသေဆုံးခဲ့ရသည့် ကလေးငယ်အတွက် အစိုးရမှထောက်ပံ့ပေးအပ်သည့် ငွေကျပ် ၂ သိန်းအား ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ပြန်လည်ပေးအပ်လိုက်ကြောင်း သေဆုံးသွားသည့် မောင်နိုင်စိုး၏ဖခင် ဦးကျော်ကျော်နိုင်က ပြောသည်။
“ကျနော်အဲဒီငွေကို မစားချင်ဘူး။ ကျနော်သားမျက်ရည်စာကို မစားချင်ဘူး။ ကျနော့်စိတ်ကလည်း ကျနော်ကို ခြောက်လှန့်နေတယ်။ ကျနော်ဝမ်းလည်နည်းတယ်။ အဲဒါကြောင့် အဲပိုက်ဆံကို မနေ့ကသွား အပ်လိုက်ပါတယ် ”ဟု ဦးကျော်ကျော်နိုင်က ဆိုသည်။
ကျည်ဆံထိမှန်ပြီးသေဆုံးခဲ့သည် အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးအတွက် အစိုးရမှ ထောက်ပံ့သည့် ငွေကျပ် ၂ သိန်းအား ဇန်နဝါရီလ ၃၁ ရက်နေ့က မိဘများထံပေးအပ်ခဲ့ကြောင်း သိရသည်။
အစိုးရမှပေးအပ်သည့်ထောက်ပံ့ငွေအား အခြားအဖွဲ့တစ်ခုမှပေးအပ်သည်ဟုထင်ကာ လက်ခံခဲ့ပြီး နောက်ပိုင်းတွင် အစိုးရမှထောက်ပံ့ငွေဟုသိ၍ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီငွေနဲ့ ကျနော့်အပူမီး ငြိမ်းသွားမှာလည်းမဟုတ်ဘူး။ အဲငွေကိုယူပြီးတော့ အေးချမ်းမှာလည်း မဟုတ်ဘူး။ အခုချိန်မှာ သားသမီးတစ်ယောက်ဆုံးရှုံးသွားပြီး။ နောက်ထပ်ဖြစ်လာမှာကို ကျနော် စိုးရိမ်တယ်။ အဲအတွက်ကြောင့် ကျနော်အစိုးရကိုကြောက်တယ် ” ဟု ဦးကျော်ကျော်နိုင်က ပြောသည်။
သေဆုံးသွားသည့် မောင်နိုင်စိုးမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က သမီးလှကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုတွင် ဦးခေါင်း၌ ကျည်စထိမှန်ခဲ့ခြင်းဖြစ်ပြီး စစ်တွေဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ယူဆောင်စဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သမီးလှကျေးရွာအနီးတိုက်ပွဲအတွင်း ၎င်းကျေးရွာအတွင်းသို့ လက်နက်ကျည်ဆံများကျရောက်မှုကြောင့် ဒဏ်ရာရရှိသူ ၅ ဦးအထိ ရှိခဲ့ကြောင်းလည်း သိရသည်။







