ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ နှစ်ဖက် လုံးအား အပစ်အခတ်ရပ်စဲရန်တိုက်တွန်းကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ပြောသည်။
အဆိုပါ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် အရပ်သားပြည်သူ ၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်လျက်ရှိနေပြီး စစ်ကြောင့်ဖြစ်ရသည့်ဆိုးကျိုးများ ထပ်မံမဖြစ်ပွားစေရန်အတွက် ယခုကဲ့သို့ တိုက်တွန်းခြင်းဖြစ်ကြောင်း ALP ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။
“ရခိုင်ပြည်အတွက်ဆိုရင် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တွေကို တိုက်တွန်းတယ်။ မြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်နှစ်ခုအပါအဝင် အစိုးရကိုလည်းတိုက်တွန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဟာ ဒီပြဿနာတွေမှာ အတတ်နိုင်ဆုံး နှလုံးသားကောင်းကောင်းနဲ့ ကြားဝင်ဖို့လိုအပ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုး အသက်ဆုံးရှုံးခဲ့ရမှုအပေါ်တွင် ဝမ်းနည်းကြောင်း ALP မှ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။
ယင်းအပြင် တိုင်းပြည်၏ပြဿနာများကို စားပွဲဝိုင်းပေါ်တွင်အဖြေရှာနိုင်ရန်လည်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ တိုက်တွန်းထားသည်။
“နေရာဒေသအသီသီးတွေမှာ အမျိုးသမီးများဟာ စစ်ဘေးရှောင်စခန်းတွေမှာ ကလေးမွေးနေရတာတွေ ရှိတယ်။ စစ်၏ဆိုးကျိုးကြောင့် လူသေမှုတွေ၊ ထိခိုက်ဒဏ်ရာ ရမှုတွေ၊ လုယက်မှုတွေဖြစ်ပေါ်လာနိုင်တယ်။ ပြဿနာဖြစ်နေတဲ့ လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက်ပြောနေတာတွေက ကောင်းသော လက္ခာမျိုးမဟုတ်တာကြောင့် အနာဂတ်မှာ အခက်အခဲများစွာ ကြုံလာနိုင်တယ် ’’ ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးကြောင့် ဒုက္ခရောက်နေကြသည့် စစ်ဘေးရှောင်များအား ထိရောက်သည့် အကူအညီပေးနိုင်ရန်အတွက်လည်း အဖွဲ့အစည်းအားလုံးအား သွားလာခွင့်ရစေချင်ကြောင်းလည်း ၎င်းက ဆိုသည်။








