ချင်းပြည်နယ်၊ ဟားခါမြို့ပြစီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိပြီး ဥပဒေအတိုင်းလုပ်ဆောင်မှုများ အစိုးရမှ ဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ဇန်နဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်း (၁၁) နာရီတွင် တောင်သူလယ်သမား (၅၀၀) ခန့်က ဟားခါမြို့သစ်ရပ်ကွက်၊ ထန်တလန်လမ်းဆုံ မှစုဝေးကြပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။
ဟာခါးမြို့ပြစီမံကိန်းသည် မြေပိုင်ရှင်များနှင့် တောင်သူလယ်သမားအတွက် အစိုးရမှ ဥပဒေအရ မြေပိုင်ရှင်တွေထံ ညှို့နှိုင်းဆောင်ရွက်မှုမရှိကာ မြို့ပြစီမံကိန်းဆောင်ရွက်အကောင်ထည်ဖော်ခြင်းသည် ပွင့်လင်းမြင်သာမှုမရှိခြင်းဖြစ်ကြောင်း တောင်သူလယ်သမားအဖွဲ့အစည်းမှ အကြံပေးပုဂ္ဂိုလ် ဒေါ်ဇာတလဲမ်းကပြောသည်။
“ကျွန်မတို့ ခေါင်းစဉ် အရေးအကြီးဆုံးက မြို့ပြစီမံကိန်းဆောင်ရွက်ရာဖြစ်တယ် ပွင့်လင်းမြင်သာမှုမရှိဘူး၊ ဥပဒေနည်းလမ်းအတိုင်းမလုပ်ဘူး၊ ပြီးတော့ တရားဥပဒေစိုးမိုးရေးလည်းမရှိဘူး ချင်းပြည်နယ်အစိုးရက အဂတိလိုက်စားမှုလည်းများလွန်းတယ် ဒါကြောင့် ကျွန်မတို့ဆန္ဒဖော်ထုတ်တာ၊ ကျွန်မတို့ ဥပဒေဘယ်လိုပြောလဲဆိုတော့ မြေပိုင်ရှင်တွေကို ကိုယ်တိုင်ကို ညှို့နှိုင်းပါ ညှို့နှိုင်းပြီးမှပဲဆောင်ရွက်ပါ ကျွန်မတို့မြေကိုလုံး၀ ညှို့နှိုင်းမှုမရှိပဲနဲ့ လမ်းတွေဖောက်တယ်၊ ပြီးတော့ မြေဂရမ်ကို တခြားစီမှာ မူလပိုင်ရှင်ကို ကျူးကျော်ပေးမှ တစ်ခြားစီမှာ မြေဂရမ်ထုတ်ရောင်းပေးလိုက်တယ် အဲဒါမျိုးလုပ်ဆောင်ချက်ကို ကျွန်မတို့မကျေနပ်လို့” ဟုဒေါ်ဇာတလဲမ်းကပြောသည်။
၎င်းဖြစ်ခဲ့သည့် ကိစ္စအပေါ် အစိုးရမှ ဘာတစ်စုံတစ်ရာမှ လုပ်ဆောင်ပေးမည့် အစီအစဉ်များလည်း မရှိသေးကာ မြေပိုင်ရှင်တွေနှင့် တောင်သူလယ်သမားများတို့ဘက်မှ ဥပဒေအတိုင်းသာဖြစ်စေ ဖြေရှင်းရန်လိုအပ်ကြောင်းလည်း သူကဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျွန်တော်တို့ ညှို့နှိုင်းပါတယ် ကျွန်တော်တို့ပြေပြေလည်လည်ညှို့နှိုင်းတယ်၊ တောင်သူတွေကို ညှို့နှိုင်းမှုမရှိဘူးလို့ပြောရအောင် ကျွန်တော်တို့ မြေလည်းအခုထိမချရသေးပါဘူး အခုမှ မာစတာအစီအစဉ်ဆွဲတုန်းပဲရှိပါတယ်၊ ကျွန်တော်တို့ မနေ့ကတောင်မှ အဲဒီတောင်သူတွေနဲ့ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တွေလည်းပါတယ် မြို့တော်ခန်းမမှာတောင် သေချာလေးရှင်းပြရတယ် မြို့ပြစီမံကိန်းလုပ်ရတဲ့အကြောင်းရင်း ကျွန်တော်တို့ဆွေမျိုးသားတွေတောကနေတက်လာတယ် ကျွန်တော်တို့မြို့ပြမှာရှိတဲ့ တိုးတက်မှု ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဲဒါတွေကြောင့် ပြောင်းလာဖြစ်အတွက် အခုဒီမှာ အိမ်ဌားတာရှိတယ် သူများအိမ်မှာ မှီခိုနေရတာရှိတယ် အဲဒါဟာတွေကိုပေးဖို့အတွက်ကို မြို့ပြစီမံကိန်းက အခုမှလုပ်တာမဟုတ်ဘူး လွန်ခဲ့တဲ့ လေး၊ ငါး နှစ်ကတည်းက လုပ်တာဖြစ်တယ်၊ ကျွန်တော်တို့ပြေပြေလည်ဆွေးနွေးဖို့လည်း အကြိမ်ကြိမ်ဆွေးနွေးတယ် နောက်ဆုံးအဖြေက ဟိုဘက်ဒီဘက် ညှို့မရသေးဘူး နစ်နာမှုမရှိအောင်တော့လုပ်ပေးလို့တော့ ပြောထားပြီးသား အဲဒီပေါ်မှာသူတို့မကျေနပ်လို့ ဆန္ဒပြတာတော့ ဒါကတော့ ဒီမိုကရေစီပဲလေ ပြလို့တော့ရတာပါပဲ” ဟုပြောသည်။







