ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှ ကျေးရွာသားများတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က ရွှေ၊ ငွေ လက်ဝတ်ရတနာ စုစုပေါင်းတန်ဖိုး သိန်း ၁၅၀ ကျော် ပျောက်ဆုံးခဲ့မှုအပေါ် ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်ပြသွားမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။
ထိုနေ့က သမီးလှကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ဘက်မှ ကျေးရွာရှိနေအိမ်များပေါ်သို့ တက်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်းနောက် သမီးလှ ကျေးရွာသားများတွင် ရွှေ၊ ငွေ၊ အဝတ်အထည်၊ ငွေကြေးနှင့် ဖုန်းများ စုစုပေါင်းတန်ဖိုး သိန်း ၁၅၀ ကျော်ဖိုး ပျောက်ဆုံးသွားကြောင်း သိရသည်။
ထိုသို့ သမီးလှကျေးရွာမှ နေအိမ် ၆၄ လုံးမှ ပစ္စည်းများ ပျောက်ဆုံးသွားမှုအား တရားဥပဒေအရ အရေးယူ နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က DMG ကို ပြောသည်။
“ကျနော်တို့က ပါတီကိုတင်ပြမယ်။ ပြီးတော့ လွှတ်တော်စတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌကို တင်ပြမယ်ပေါ့။ လွှတ်တော်ဥက္ကဌက ဘယ်ပုံစံ လုပ်ဆောင်သွားမယ်ဆိုတာကို အဲဒီအခါမှ သိရမယ် ” ဟု ဦးဦးသန်းနိုင်က ဆိုသည်။
သမီးလှကျေးရွာရှိ နေအိမ်များအပေါ် တက်ရောက်ရှာဖွေခဲ့သည်မှာ တပ်မတော်စစ်ကြောင်းအား သမီးလှကျေးရွာအတွင်းမှ မိုင်းဆွဲတိုက်ခိုက်သည့်အတွက် အရပ်ဝတ်ဖြင့် AA တပ်သားများ ရွာသား အယောင်ဆောင်ရှိနိုင်သောကြောင့် လုံခြုံရေးအရ စိစစ်ခဲ့ခြင်းကြောင်း၊ ကျေးရွာသားများ၏ ငွေကြေး ပစ္စည်း များကို ယူဆောင်ခြင်းမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောသည်။
“ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအတိုင်း ရွာကို လုံခြုံရေးအရ စိစစ်တာရယ်၊ လုံခြုံရေးဆောင်ရွက်တာ တွေကို နယ်ခြားစောင့်ရဲအဖွဲ့တစ်ဖွဲ့နဲ့ ဆောင်ရွက်တယယ်။ ဆောင်ရွက်တဲ့နေရာမှာတော့ ဒီအချိန်မှာ သတင်း ဖြစ်ပေါ်နေတဲ့အတိုင်း ငွေကြေးတွေ၊ ပစ္စည်းတွေ ယူသွားတာတို့မရှိပါဘူး ” ဟု ဗိုလ်မှူးကြီး ဇော်မင်းထွန်းက DMG ကို ပြောသည်။







