တောင်မင်းကုလားကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးသွားသည့် လက်နက်ကိုင်အဖွဲ့ကို ဖော်ထုတ်ပေးရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ကျော်မှ တောင်းဆို

တောင်မင်းကုလားကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးသွားသည့် လက်နက်ကိုင်အဖွဲ့ကို ဖော်ထုတ်ပေးရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ကျော်မှ တောင်းဆို

ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးထွန်းနုအား ဖမ်းဆီးခေါ်ဆောင် သွားသည့်လက်နက်ကိုင်အဖွဲ့ကို ဖော်ထုတ်ပေးရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ကျော်မှ မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စာဖြင့်တောင်းဆိုထားကြကြောင်း သိရသည်။

ဦးထွန်းနုအား အမည်မသိလက်နက်ကိုင်ဆောင်ထားသူ (၅) ဦးမှ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၇ နာရီ အချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ အကြောင်းတစ်စုံတစ်ရာ မသိရသေး၍ စိုးရိမ်စရာ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဆိုသည်။

“ကျနော်တို့အနေနဲ့ကတော့ သေနတ်ကိုင်အဖွဲ့နှစ်ခုကြားထဲမှာ အုပ်ချုပ်ရေးမှူးပျောက်သွားတော့ ဘယ်အဖွဲ့က ယူသွားလဲဆိုတာကို အတိကျမသိရဘူး။ သေသွားတာလား၊ ဒါမှမဟုတ် ပျောက်သွား တာလား။ လက်ရှိက အသက်ရှင်နေသေးလားဆိုတာကိုသိချင်တာကြောင့် မိခင်ဌာနကို တင်ပြတာပါ” ဟု ကန်စောက်ကျေးရွာအုပ်ချုပ်ရေးမှူးဦး သင်္ခါကျော်ကပြောသည်။

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ကျော်၏ တောင်းဆိုချက်တွင် ဦးထွန်းနု၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်ရန် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ မည်သည့် အကြောင်းကြောင့်ဖမ်းဆီးခြင်း၊ မည်သည့်နေရာတွင် ထိမ်းသိမ်းထားကြောင်းတို့ကို တိတိကျကျ သိလိုကြောင်း တောင်းဆိုထားကြသည်။

ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရခြင်းကြောင့် အခြားသော ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာလည်း လုံခြုံမှုမရှိသကဲ့သို့ ခံစားနေရကြောင်း လမ်းပိုက်ခွင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းအေးက ဆိုသည်။

“အစစအရာရာဆင်ခြင်ပြီးနေရပါတယ်။ ကျနော်တို့ လုံခြုံရဲ့လားတောင် ကျနော်တို့မသိပါဘူး။ ဦးထွန်းနုက အကြောင်းအရင်းတစ်ခုမှ မသိရဘဲ ပျောက်သွားတာကြောင့်ပါ။ ” ဟု ၎င်းကပြောသည်။

တောင်မင်းကုလားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနု ဖမ်းဆီးခေါ်ဆောင်ခံရသည့်ကိစ္စတွင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုး၊ ဆိုးကျိုးအပေါ်အခြေခံပြီး ဆက်လုပ်သွားရန် ဆုံးဖြတ်ထားကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဆိုသည်။

“အခုကျနော်တို့တင်ထားတဲ့စာအပေါ်မှာ အဖြေတခုခုပေါ်လာမှ ကျနော်တို့အုပ်ချုပ်ရေးမှူးရဲ ခံစားချက်ကို ထုတ်ဖော်သွားမယ်လို့ ပြောထားပါတယ် ” ဟု ဦးမောင်ဝင်းအေးက ပြောသည်။

၇ ရက်ကြာ ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် တောင်မင်းကုလားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးထွန်းနုသည် ၎င်းနေထိုင်ရာသံချောင်းကျေးရွာတွင် ဆိုင်မှဆေးလိပ်ဝယ်ပြီး နေအိမ်အပြန်လမ်းတွင် အမည်မသိသူ ၅ ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...