တိုက်ပွဲအကျိုးဆက် အရပ်သား (၁၃)ဦး ထိခိုက်မှုရှိလာ

တိုက်ပွဲအကျိုးဆက် အရပ်သား (၁၃)ဦး ထိခိုက်မှုရှိလာ
လက်နက်ကြီးကျည်စ ထိမှန်၍ စစ်တွေဆေးရုံ၌ တက်ရောက်ကုသနေသည့် သမီးလှကျေးရွာမှ ကလေးငယ်အားတွေ့ရစဉ်
လက်နက်ကြီးကျည်စ ထိမှန်၍ စစ်တွေဆေးရုံ၌ တက်ရောက်ကုသနေသည့် သမီးလှကျေးရွာမှ ကလေးငယ်အားတွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းက စတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA)တို့၏ တိုက်ပွဲပြင်းထန်နေမှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်တို့တွင် အရပ်သားများ သေဆုံးမှုများနှင့်ထိခိုက်ဒဏ်ရာရရှိသူ (၁၃)ဦးအထိ ရှိလာသည်။

ယင်းတိုက်ပွဲများ၏ အကျိုးဆက်အနေဖြင့် အရပ်သား (၁) ဦးသေဆုံးသွားခဲ့ပြီး အရပ်သား(၁၂)ဦးမှာ ထိခိုက်ဒဏ် ရာရရှိမှုများရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် သမီးလှကျေးရွာမှ အသက် ၇ နှစ်ခန့် ကလေးငယ်တစ်ဦးမှာ နေအိမ်ရှိ မီးဖိုချောင်တွင်ရှိနေစဉ် ညာဘက်နားထင်အထက်ကို လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး စိုးရိမ်စရာမရှိတော့ဟု သူ၏ဖခင်ဖြစ်သူ  ဦးကျော်ကျော်နိုင်က ပြောသည်။

“ တိုက်ပွဲတွေကို ထပ်မံပြီးမဖြစ်စေချင်ပါ။ ကျွန်တော်တို့ရွာတွေ အေးချမ်းနေတာကို တိုက်ပွဲတွေက လာနှောက်ယှက်တာတွေကြောင့် ထိတ်လန့်နေရပါတယ်”ဟု ၎င်းက ဆိုသည်။

အလားတူ သမီးလှ ကျေးရွာအနီးတိုက်ပွဲကြောင့် ကျေးရွာရှိ  အမျိုးသမီးနှစ်ဦးမှာလည်း လက်နက်ကြီး ကျည်စထိမှန်ပြီး ဒဏ်ရာရရှိသွားသည်။ သို့သော် ဒဏ်ရာပြင်းထန်မှုမရှိဟု ဒေသခံ ဦးမောင်သိန်းနုက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ မြိုမချောင်းကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားခဲ့ကြရာတွင် စက်လှေမောင်းသည့် အရပ်သားတစ်ဦး သေနတ်ဒဏ်ရာရရှိသွားသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း တပ်မတော်က ရက္ခိုင့်တပ်မတော်(AA)ကို ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်စဉ် ကျောက်တော်မြို့နယ်၊ ကျွန်းသာယာကျေးရွာက ဒေသခံနှစ်ဦးမှာ ဗုံးခိုကျင်းသို့ ဝင်ပြေးရာ ဗုံးခိုကျင်းပြိုကျပြီး ထိခိုက်ဒဏ်ရာရရှိသွားသည်။ ယင်းအထဲမှ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး ဆေးကုသမှု ခံယူနေရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က  ပုဏ္ဏားကျွန်းမြို့နယ် လိပ်ဖာကျေးရွာမှ လူငယ်တစ်ဦးမှာလည်း ကျောက်တော်မြို့နယ် ကန်စောက် ကျေးရွာသို့ ဈေးဝယ်ထွက်လာစဉ်  ခမောင်းရွာအနီး ချောင်းစပ်အရောက်၌ မြေမြှုပ်မိုင်းနင်းမိ၍ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ တွင် ရသေ့တောင်မြို့နယ် ၊သက်ပြေကျကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည့် ဗောဓိကိုင်းကျေးရွာမှ လူငယ် ၄ ဦးမှာလည်း လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိသွားသည်။ ယင်းအထဲမှာ အမျိုး သမီးတစ်ဦးမှာ ဒဏ်ရာအနည်းငယ်ပြင်းထန်သောကြောင့် ရသေ့တောင်မြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

ဇန်နဝါရီလ ၈ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာ(နတလ)ရွာမှ အမျိုးသမီးတစ်ဦးသည်လည်း လက်လုပ်မိုင်းထိမှန်ပြီး ဝဲဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာရရှိသွားဒဏ်ရာရရှိသွားသည်။

ဇန်နဝါရီလ ၁၄ ရက်က ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာက သတ္တမတန်း ကျောင်းသားတစ်ဦးသည်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသို့ ဆီးသီး(ဇီးသီး)ကောက်စားရန် သွားစဉ် ဗုံးသီးတစ်လုံးကောက်ရ၍ အိမ်သို့ ယူဆောင်လာရာ ဗုံးသီးပေါက်ကွဲ၍ သေဆုံးသွားသည်။

 ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများပြင်းထန်လျက်ရှိ ပြီး စစ်ဘေးရှောင် စုစုပေါင်း (၆၀၀၀) နီးပါးခန့်အထိ ရှိလာသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...