ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ဒေသခံ ရပ်မိရပ်ဖများက ရိခေါ်ဒါရ်မြို့အတွင်း သောက်သုံးရေ နှင့် လျှပ်စစ်မီး ရရှိနိုင်ရေးကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ခရီးစဉ်၌ ရိခေါ်ဒါရ်မြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ရိခေါ်ဒါရ်မြို့ဒေသခံ ရပ်မိရပ်ဖများက ယခုလို ရေနှင့်မီးကိစ္စကို တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရိခေါ်ဒါရ်လူထုနဲ့တွေ့ဆုံပွဲမရှိဘဲ တင်ပြစာအပေါ် တစ်စုံတရာပြောကြားခြင်းမရှိကြောင်း ရိခေါ်ဒါရ်မြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ယခုလို ပြောသည်။
“လူထုနဲ့တွေ့ဆုံပွဲ သီးသန့်မရှိဘူး။ ကျနော်တို့ တင်ပြစာအပေါ်တစ်စုံတရာပြောကြားခြင်းလည်းမရှိဘူး။ ဒေသဖွံ့ဖြိုးရေး အတွက် ဘာတစ်ခုမှပြောသွားတာမရှိဘူး” ဟုပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရိခေါ်ဒါရ်မြို့ဒေသခံ ရပ်မိရပ်ဖများမှ တင်ပြသည့်အချက်အလက်များအရ ဦးစားပေး (၁) အနေနဲ့ ရိခေါ်ဒါရ်မြို့ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ဝုမ်းသွီးဒေါန် (Vomtuidawn) ရေထွက်မှ မိုင် (၂၀) ကျော် (၂%)မိုင် သွယ်ယူပါက ခန့်မှန်းခြေကုန်ကျငွေ စုစုပေါင်း ကျပ် (၄၅၀.၀၀) သန်း ကျန်ကျမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။
၎င်းအပြင် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စုစုပေါင်း အိမ်ခြေ ၈၄၅၊ လူဦးရေ (၄၁၀၀) ရှိပြီး ရေဖူလုံမှုအနေဖြင့် မိုးရာသီတွင် (၇၅%) ဖြစ်ပြီး၊ နွေရာသီတွင် (၃၀%)သာ ရှိသောကြောင့် မြို့ရေပေးဝေရေးအတွက် ရေထွက်အသစ် ထပ်မံလိုအပ် ကြောင်းလည်း တင်ပြခဲ့သည်။
တင်ပြသည့်အချက်အလက်များအရ ဦးစားပေး (၂) အနေဖြင့် ရိခေါ်ဒါရ်မြို့အား (၁၅၀+၅၀၀) ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း (၃.၄၈) မိုင်၊ ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာ (၅) လုံး (၅၆၀) ကေဗွီအေ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း (၆.၈)မိုင်ဖြင့် ဓာတ်အားသုံးစွဲသူ (၄၃၉)ဦးအား တစ်ရက်လျှင် လေးနာရီဖြင့် ဓာတ်အားဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။
မဟာဓာတ်အားလိုင်းမှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် (၃၃) ကေဗွီ တီးတိန်-ရိခေါ်ဒါရ်ဓာတ်အားလိုင်း (၃၂) မိုင်၊ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁) ရုံ တည်ဆောက်နိုင်ရန်အတွက်၊ JICA Phase III (၂၀၂၀ မှ ၂၀၂၂ ထိ) တွင် လျားထား ဆောင်ရွက်လျက်ရှိကြောင်း ထပ်မှန်သိရသည်။







