သီပေါ စစ်ရှောင်ရွာသားတဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရ

သီပေါ စစ်ရှောင်ရွာသားတဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာ့လုံရွာအနီးယနေ့ဖြစ်ပွါးသောတိုက်ပွဲကြောင့်  စစ်ဘေးရှောင်ရွာသားတဦး ကျည်စထိမှန်ဒဏ်ရာအပြင်းအထန်ရရှိသဖြင့်သီပေါဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုနေရကြောင်းသိရသည်။

ဇန်နဝါရီလ ၂၂ ရင် ယနေ့မွန်းလွဲပိုင်းက နားမခေါ်အုပ်စု တာ့လုံရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ ရွာသားများနည်းတူ ရွာသားစိုင်ကမ် (အသက် ၂၂ နှစ်) စစ်ဘေးရှောင်နေစဉ် လမ်းတွင်လက်နက်ကြီးကျည်ကျသဖြင့် ကျည်စထိမှန်ကာဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်အမျိုးသား စိုင်းစိုင်း က- “ပစ်ခတ်သံစစကြားတုန်းက သူထွက်မပြေးရဲဘူး။ ပစ်ခတ်သံလည်း ဆက်တိုက်ဖြစ်လာရော သူမနေရဲတော့ဘဲအိမ်ကနေထွက်ပြေးတာ။ တာ့လုံရွာအရှေ့ဘက် (ရွာအထွက်လမ်း)မှာ ကျည်ကြီးက သူ့နားကျလာလို့ ကျည်စထိမှန်သွားတာ။ သူလည်းသူ့သူငယ်ချင်းဆီဖုန်းဆက်ပြီး လာကြိုဖို့ အကူအညီတောင်း ရတာ။ ဒီညဘက်မှာ သျှမ်းတပ် ၂ ဖွဲ့ဘဲလှုပ်ရှားပါတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

စိုင်းကမ်မှာ အရိုးအထိပါ ထိမှန်ဒဏ်ရာရသဖြင့် နယ်စည်းမခြား အဖွဲ့မှ သီပေါဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းအား မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုတော့မသိရကြောင်း၊  တိုက်ပွဲမှာ မွန်းလွဲပိုင်းကတည်းက ညပိုင်းအထိ ဖြစ်ပွါးနေကြောင်း စစ်ဘေးရှောင်များအား ကူညီမှုပေးနေသည့် သီပေါဒေသခံ လူငယ်တဦးကပြောသည်။

ကျည်စထိမှန်သူနှင့်ဆွေမျိုးတော်စပ်သည့် တာ့လုံရွာသားတဦးကလည်း  – “ နမ့်လန်ဆေးရုံကိုအရင်ပို့တာ။ ဆရာဝန်က ဒါကျည်ကြီးစ ထိတာ။ အရိုးပါထိတယ်လို့ပြောတယ်။ နမ့်လန်မှာ အသုံးကိရိယာက အစုံအလင်မရှိတော့ သီပေါဆေးရုံကိုဆက်ပို့ဆောင်ရတာ ”– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး SSPP/SSA ၏ပြန်ကြားရေးဌာန ဖေ့စ်ဘုဖြစ်သော SSPP Info တွင် – RCSS/SSA မှ ကျူးကျော်ဝင်ရောက်ပစ်ခတ်သည် – ဟုရေးသားထားပြီး RCSS/SSA ပိုင် Taifreedom သတင်းဝက်ပ်ဆိုက်တွင်မူ SSPP/SSA မှ ရွာတွင်းသို့ လက်နက်ကြီးကျည်ပစ်ခတ်သည်ဟု အသီးသီး ရေးသားဖော်ပြထားသည်။

လက်ရှိတွင် သီပေါမြို့တွင်း နေရပ်မှစွန့်ခွါကာစစ်ဘေးတိမ်းရှောင်နေသည့်ရွာသား ၁၁၅၀ ဦးရှိပါသည်။ ၎င်းတို့သည် နားမခေါ်ဘုန်းကြီးကျောင်း၊ တွန်ကာခန်းမ၊ နားကန်ဘုန်းကြီးကျောင်း၊ နောင်အန်ဘုန်းကြီးကျောင်းနှင့် လီဆူး ခရိယာန်ကျောင်းတို့တွင် ခိုလှုံနေကြရပါသည်။ နိုင်းလုံရွာ၊ တွန်ကျိုင်းရွာ၊ ဟိုနားရွာ၊ ဝမ့်ဟုန့်ရွာ၊ တာ့လုံရွာ၊ ကျိတ်ဖွန်ရွာ၊ ခိုင်းဟျိုးရွာ၊ လုံဝိုင်ရွာ၊ ဖတ်းနမ်ရွာ၊ ဆဲန်ပိုင်းရွာ၊ လွယ်မောက်နှင့်ဆိုင်းခေါင်ရွာတို့မှ ရွာသားများဖြစ် ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...