ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်မှထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများ လိုက်နာလာရန်အတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းကူညီဆောင်ရွက်မှု အထူးလိုအပ်ကြောင်း ဇန်နဝါရီလ (၁၄) ရက်နေ့ကပြုလုပ်သည့် စွန်တောင်ရွာ ရဲကင်းဖွင့်ပွဲတွင် မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီးရဲလွင်ဦးက ပြောသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှာ အမှုတစ်ခုခုဖြစ်သည့်အခါ များသောအားဖြင့် ရိုးရာဓလေ့ထုံးဖြစ်သော အောင်တမံနည်းလမ်းကိုသာ အသုံးပြုကြသည့်အတွက် တရားဥပဒေစိုးမိုးရေး လိုက်နာမှုအားနည်းကြာင်း၊ ရဲတပ်ဖွဲ့အရာရှိများ၏ အားနည်းချက်မှာ ဒေသခံဘာသာစကားတတ်ကျွမ်းမှုမရှိသည့်အတွက် နိုင်ငံတော်မှထုတ်ပြန်ထားသည့် တည်ဆဲမိန့်ဥပဒေများကို ပြည်သူများလိုက်နာလာရန် ဒေသခံဘာသာစကားတတ်ကျွမ်းသည့် အရပ်ဖက်လူမှုအဖွဲ့များ၊ မီဒီယာများ၊ ပညာတတ်လူငယ်များမှ ပညာပေးအစီအစဉ်များတွင် ပူးပေါင်းပါဝင်လာမည်ဆိုပါက ဒေသခံပြည်သူများ ဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းတတ်လာမည်ဖြစ်ကြောင်း မင်းတပ်ခရိုင်ရဲမှူးကပြောသည်။
“ဒီဒေသတွေမှာက အမှုတစ်ခုဖြစ်ပြီဆိုရင် အခင်းဖြစ်ဖြစ်ချင်းလာမတိုင်ပဲ အောင်တမံနည်းလမ်းကိုအရင်သုံးကြတယ်၊ အဆင်မပြေလာရင် ရဲစခန်းရောက်လာကြတယ်၊ ရဲစခန်းကနေ တရားရုံးမှာတင်လိုက်ပြန်တယ်၊ အဲလိုထောင်ကျလာမည့်အဆင့်ဆိုရင် ကျေအေးရုပ်သိမ်းပြန်တင်ကြပြီး အောင်တမံနည်းလမ်းနဲ့ ပြန်ကျေအေးကြတယ်၊ ဒီတော့ ရဲတပ်ဖွဲ့က မျောက်ပြ ဆန်တောင်းသလိုဖြစ်နေတယ်၊ ပြီးတော့ တရားဥပဒေမရှိဘူးလို့ အပြောခံနေရတယ်၊ ရဲလုပ်ငန်းက ရဲတစ်ခုထဲကလုပ်လို့မရပါဘူး၊ ပြည်သူတွေပူးပေါင်းကူညီဖို့လိုအပ်ပါတယ်၊ အောင်တမံနည်းလမ်းတွေကို တဖြည်းဖြည်းလျော့သွားအောင်၊ အတွေးအခေါ်တွေပြောင်းလဲလာဖို့က ပြည်သူတွေရဲ့ပါဝင်မှု အများကြီးလိုအပ်ပါတယ် “ဟု သူကပြောသည်။
စွန်တောင်ရွာသည် မင်းတပ်မြို့နယ်အတွင်းရှိနေသော်လည်း မြို့နှင့် (၄၅) မိုင်ခန့်ဝေးသောကြောင့် ကွပ်ကဲရန် အလှမ်းဝေးကြောင်း၊ မကွေးတိုင်းထီးလင်းမြို့နှင့် တစ်ဆက်တည်းဖြစ်သော ရွှေအောင်သာရွာလမ်းမှ သွားမည်ဆိုပါကလည်း မိုင် (၂၀) ခန့်သွားရကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံများ၏လိုအပ်ချက်အရ ရဲကင်းထားရှိရန် ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းမှ ပြည်ထဲရေးဝန်ကြီး၏ ချင်းပြည်နယ်ခရီးစဉ်၌ တောင်းဆိုနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ စွန်တောင်ရဲကင်းဖွင့်ပွဲတွင် လွှတ်တော်ဒု-ဥက္ကဌ ဦးအောင်သန်းလည်း တက်ရောက်လာပြီး စွန်တောင်ရဲကင်းတောင်းဆိုရခြင်းမှာ ဒေသခံများ၏လိုအပ်ချက်ကြောင့်လည်းကောင်း၊ ဒေသခံများ၏ရည်ရွယ်ချက်မှာ မကြာခင်အချိန်တွင် မြို့အင်္ဂါရပ်များနှင့်အညီ မြို့တစ်မြို့ဖြစ်လာရန် မျှော်လင့်ကြမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအပြီးတွင် ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ကာ လိုအပ်တောင်းဆိုချက်များအားမှတ်တမ်းတင်ပြီး ကွင်းဆင်းလေ့လာခဲ့ပါသည်။
“စွန်တောင်ရွာက ပထဝီအနေအထားအရ ကြည့်မယ်ဆိုရင် မြို့ဖြစ်လာနိုင်မည့် အလားအလာရှိပါတယ်၊ မြို့ဖြစ်လာဖို့ကလည်း အားလုံးရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်ပါတယ်၊ အခုလို ရဲကင်းရှိလာတာက ကောင်းပါတယ်၊ ဒါပေမဲ့ ပြည်သူတွေအနေနဲ့လည်း ဥပဒေကို စနစ်တကျလိုက်နာဖို့တော့ လိုပါမယ်၊ ပြီးတော့ လမ်းအတွက် အစီအစဉ်နှစ်ခုဆွဲထားပါတယ်၊ ဒီအတွက်လည်း စက်ကြီးတောင်းထားပါတယ်၊ မိုင်လေးဆယ်ဘက်ကလာနိုင်မည့်လမ်း၊ နောက်တစ်ခုက ထင်ချောင်းရွာဖက်ကလာနိုင်မည့်လမ်းအတွက် ဘတ်ဂျက်ကိုဆောင်ရွက်နိုင်ဖို့ကြိုးစားနေပါတယ်၊ မီးပေးဖို့ကတော့ လောလောဆယ်မှာမဖြစ်နိုင်သေးပါဘူး“ ဟု ဦးအောင်သန်းကပြောသည်။
စွန်တောင်တွင် ရဲကင်းရလာသည့်အတွက် မူးယစ်သောက်စားမှု၊ ခိုက်ရန်ဖြစ်ပွားမှုလျော့နည်းလာပြီး တရားဥပဒေစိုးမိုးလာနိုင်မည်ဟုမျှော်လင့်ကြောင်း စွန်တောင်အုပ်စု မဆိန်ပေါက်ရွာမှ မြို့မိမြို့ဖဖြစ်သူ ဒေါ်ရှိန်းဘူလီကပြောပါတယ်။
“အရင်ကဆိုရင် လူငယ်တွေလည်းများတယ်ဆိုတော့ သောက်စားတာတွေရှိပြီး၊ ရန်ခဏခဏဖြစ်ကြတယ်၊ အခုတော့ ရဲကင်းရှိလာပြီဆိုတော့ ဒါတွေပပျောက်မှုမရှိရင်တောင် လျော့နည်းလာမယ်လို့ ယုံကြည်တယ်” ဟု ၎င်းကပြောသည်။
စွန်တောင်ရွာသည် အိမ်ခြေ (၁၁၀) ကျော်ခန့်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။







