ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အသားသတ်လိုင်စင်ကို လေလံရယူထားသည့် ဦးလိန်းထန်းသည် (၂) လအတွင်း ကျပ်ငွေ သိန်း (၅၀) ကျော် အရံှုးပေါ်နေကြောင်း လေလံရှင်ကပြောသည်။
ဦးလိန်းထန်းသည် အသားသတ်လိုင်စင်ကို သိန်းနှစ်ရာ နှစ်သောင်းငါးထောင်ဖြင့် ရယူထားခြင်းဖြစ်ပြီး (၂) လအတွင်း (၅၄) သိန်းကျော် အရှုံးပေါ်နေသည့်အတွက် အစိုးရအနေဖြင့် ရောင်းသူဝယ်သူကြား အဆင်ပြေသော ဈေးနှုန်းပြန်လည်သတ်မှတ်ပေးရန် လေလံရှင်ဖက်က လိုလားနေကြသည်ဟု သိရသည်။
လက်ရှိနွားနောက်မကြီးတစ်ကောင်၏ တန်ဖိုးမှာ အနည်းဆုံး (၈) သိန်းခန့်ရှိပြီး၊ ကြိုးချည်၊ ကားခ၊ တိကုစစ်ဆေးခ၊ သယ်ယူခနှင့် အလုပ်သမားခများလည်းရှိသည့်အတွက် အသားခုံအရောက်မှာ ဆယ်သိန်းသုံးထောင် ခန့်ကုန်ကျကြောင်း၊ လက်ရှိအစိုးရမှ ရောင်းချရန် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချမည်ဆိုပါက ဆက်လက်ပြီး အရှုံးပေါ်မည်သာဖြစ်သည်ဟု လေလံရှင် ဖက်ကပြောဆိုသည်။
အစိုးရသတ်မှတ်သည့် ဈေးနှုန်းမှာ အသား ၁ ပိဿာ ရှစ်ထောင်ကျပ်၊ ဝမ်းတွင်း ခြောက်ထောင်ကျပ်နှင့် အရိုး ငါးထောင်ကျပ်ဖြင့် ရောင်းချရန်ဖြစ်သော်လည်း အသားထွက်နှုန်းအပေါ်ကြည့်ပြီး အဆင့် (၃) ဆင့်ခွဲ၍ အဆင့် ၁ = ၁၀၀၀၀ ကျပ်၊ အဆင့်၂ = ၈၀၀၀၀ ကျပ်နှင့် အဆင့်၃ = ၆၀၀၀ စသဖြင့်ရောင်း ချနေရ ကြောင်း၊ နွားနောက်မတစ်ကောင်၏ အသားထွက်နှုန်းပျမ်းမျှမှာ ပိဿာ (၅၀)၊ ဝမ်းတွင်း (၁၃)၊ နံရိုး ကြောရိုးမှာ (၁၄) ပိဿာသာထွက်ရှိသည့်အတွက် ဆက်လက်အရှုံးသာပေါ်နေကြောင်း လေလံရှင်၏ အမတော်စပ်သူ ဒေါ်ထန်းယက ပြောသည်။
“လေလံရှင်က ကျမရဲ့ မောင်တော်စပ်ပါတယ်၊ ကျမကတော့ အရင်းထုတ်ပေးတာပါ၊ အမအနေနဲ့က ယူလက်စလည်းဖြစ်တဲ့အတွက် လောဘကိုရှေ့ထားပြီးပြောတာလည်းမဟုတ်ပါဘူး၊ မနှစ်ကလည်း (၇၀) သားပဲရောင်းကြတာပါ၊ အသားဈေးနှုန်းမတက်ပေးချင်ဘူးဆိုလည်း ပိဿာချိန်ကနေ ကီလိုများ ပြောင်းပေးနိုင်မလားပေါ့၊ ဒါဆိုကီလိုပြည့်ပြည့် နဲ့ အသားကောင်းကောင်းတွေရောင်းနိုင်မယ်၊ ဖြစ်စေ ချင်တာကတော့ ပိဿာလေးကိုအပြည့်ထားပြီး သင့်တင့်တဲ့ဈေးနှုန်းမြှင့်တင်ကြမယ်ဆိုရင် လေလံခုံရ တဲ့သူတွေကလည်း လောဘမတက်ပဲ အလေးအပြည့်နဲ့ရောင်းမယ်၊ အခုလက်ရှိအနေထားနဲ့တော့ မကိုက်ညီတော့ဘူး၊ သူတို့ခွင့်မပြုတဲ့ တစ်သောင်းနဲ့ရောင်းတာတောင် ရှုံးနေပြီ၊ ဒါကြောင့် တထစ်ပြီး တထစ်ပြောင်းလဲတာမျိုးမဟုတ်ပဲနဲ့ ဒီဘတ်ဂျက်တစ်ခုလုံးထဲမှာ သင့်တင့်တဲ့ဈေးနှုန်းကို သတ်မှတ်ပေး ရင်ကောင်းမယ်၊ မဖြစ်နိုင်တဲ့ဈေးနှုန်းကို သတ်မှတ်ပေးသမျှကာလပတ်လုံး အလေးခိုးမှုထပ်ဖြစ်ဦးမှာပဲ၊ ဒါကြောင့်အလေးခိုးမှုတွေပပျောက်စေချင်တယ်၊ ရေရှည်မှာ စနစ်ကောင်းတစ်ခုလည်းဖြစ်မယ်” ဟု သူမကပြောသည်။
မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားဦးတိတ်ထန်းကတော့ စည်ပင်လမ်းကြောင်း အတိုင်း သာသွားသင့်ကြောင်း၊ မှတ်တမ်းမှတ်ရာများနှင့် ဆင့်ကဲစနစ်ဖြင့်သွားရမည်ဖြစ်သည့်အတွက် ရုတ် တရက်ဆုံးဖြတ်ရန်မလွယ်ကူကြောင်းပြောသည်။
“ နွားနောက်ထီးတစ်ကောင်က ဆယ်သိန်းပေါက်တယ်၊ အခုဈေးနှုန်းနဲ့ မရောင်းနိုင် မထိန်းသိမ်းနိုင်ရင် တော့ စည်ပင်ကိုပြန်အပ်ရုံပဲရှိမှာ၊ လွှတ်တော်အနေနဲ့ တင်ပြရင်လည်း နောက်နှစ်လ သုံးလလောက်မှ ပေါ်မှာ၊ ၉၀ ကျပ်သားရောင်းနေကြတာလည်းရှိတယ်၊ ဒီအတွက်ဆွေးနွေး တိုင်ပင်မှုတွေလည်းရှိတယ်” ဟု ဦးတိတ်ထန်းကပြောသည်။
မင်းတပ်မြို့ စည်ပင်ဦးစီးမှူးကတော့ လက်ရှိရောင်းဈေးမှာလည်း အစိုးရနှင့် စာချုပ်ချုပ်ပြီး အတည်ပြု ခဲ့ကြောင်း ခရိုင်မြို့ (၃) ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိန်း (၄၅၀) ဖြင့် ဖလမ်းမြို့သည် အမြင့်ဆုံး ဖြစ်ပြီး မင်းတပ်မြို့မှာ အနိမ့်ဆုံးဖြစ်ကြောင်း၊ ကြမ်းခင်းဈေး သိန်း (၁၆၀) တွင် အသားတစ်ပိဿာ ဈေးနှုန်းကို ခုနှစ်ထောင်မှ ရှစ်ထောင်သို့ တိုးပေးခဲ့ကြောင်း ပြောသည်။
“ လေလံလုပ်ပြီးမှ ပြုပြင်ပြောင်းလဲဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်၊ မတန်တရာတိုးမြှင့်ဖို့ကလည်း မလွယ်ပါဘူး၊ ကျွဲနွားကို ပုံမှန်ဈေးနဲ့သွားပြီး နွားနောက်သားကတော့ ချင်းလူမျိုးတွေရဲ့ တန်ဖိုးထားရတဲ့ ရတနာဖြစ်တဲ့အတွက် ဈေးပြင်မလားပေါ့၊ ဒါကလည်း ချင်းပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက်၊ လမ်းညွှန် ချက်နဲ့ပဲ အတည်ပြုရမှာ ဖြစ်တယ်၊ ကျတော်တို့ကတော့ လိုင်စင်ပြန်အပ်ရင် အချိန်မရွေးလက်ခံပါမယ် “ဟု ၎င်းက ပြောသည်။







