မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အခွင့်အရေးနှင့်ပတ်သက်၍ ဥပဒေထွက်ပေါ်ပြီဖြစ်သော်လည်း နည်းဥပဒေပိုင်းအကောင်အထည်ဖော်ဆောင်မှု အားနည်းခြင်းကြောင့် မသန်စွမ်းသူများအတွက် လွတ်လပ်မှုပိုင်းတွင် အတားအဆီးများစွာရှိနေသေးသည်ဟု သိရသည်။
မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ (DDI) ၏ ဦးဆောင်မှုဖြင့် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ကလေးမြို့၊ ရှင်းဟုန်ခန်းမတွင် “အားလုံးတူညီအခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများအစွမ်းမြှင့်တင်ပေး’’ ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး မသန်စွမ်းသူများ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ (DDI) လက်ထောက် ဒါရိုက်တာ ဆလိုင်းယောရှုက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့မြန်မာပြည်မှာ ကျွန်တော်တို့ မသန်စွမ်းသူတွေဆိုရင်တော့ လွတ်လပ်မှုလို့ပြောတဲ့အခါမှာ ကျွန်တော်တို့ အဓိကအားဖြင့် အတားအဆီးကို ပြောရမှာပဲ အဲဒါကြောင့် အဲဒီအတားအဆီးနှင့်ပတ်သက်ရင်တော့ လုံး၀ ကျွန်တော်တို့ မသန်စွမ်းတွေက လွတ်လပ်မှုမရှိသေးဘူး အတားအဆီးအရမ်းများတယ် နေရာတကာမှာ အရမ်းများတယ် ပေါ်လစီအတားဆီးရှိတယ် ပြီးတော့ အဆောက်အဦးနှင့်ပတ်သက်တဲ့ အတားအဆီးရ်ှိတယ် လမ်းတံတားတွေနှင့် အတားအဆီးတွေရှိတယ် ပြီးရင် ဆက်သွယ်ရေးနှင့်ပတ်သက်တဲ့ အတားအဆီးတွေအများကြီးရှိတယ် အဲဒီအတားအဆီးတွေကို မဖယ်မရှားခြင်းကတော့ ကျွန်တော်တို့ မသန်စွမ်းသူတွေအတွက် လွတ်လပ်တယ်လို့ ပြောလို့မရသေးဘူး” ဟု ဆလိုင်းယောရှုက ပြောသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းမှုနှင့် ပတ်သက်ပြီးဌာနဆိုင်ရာများနှင့် ပြည်သူများအကြား အသိပညာပေးမှုအားနည်းခြင်းကြောင့် မသန်စွမ်းသူများ အထင်သေးခံရမှုများ ရှိနေသည့်အပြင် မသန်စွမ်း အခွင့်အရေးဥပဒေသည်လည်း ထိထိရောက်ရောက် အကောင်ထည်ဖော်ခြင်းမရှိခြင်းကြောင့် မသန်စွမ်းအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် အာရှတိုက်တွင်လည်း နောက်တန်းတွင်ရှိသေးကြောင်း သူကဆက်ပြောသည်။
ကလေးမြို့အခြေစိုက် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ (DDI) သည် မသန်စွမ်းသူများဖွံ့ဖြိုးရေးနှင့် အခွင့်အရေးမြှင့်တင်ရေးကို အဓိက လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။
ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် အောင်မြင်သူ (SHG) အဖွဲ့မှ သူငယ်နာအကြောတင်း (သို့) စီပီ (Cerebral Palsy- CP) အောင်ဟိန်းဦးကတော့ မြန်မာနိုင်ငံတွင် မသန်စွမ်းဥပဒေများ ထွက်ပေါ်လာသည့်နောက်ပိုင်းတွင် မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံမှု အနည်းငယ်လျှော့ကျလာကြောင်း သို့သော်လည်း လိုအပ်ချက်များ ရှိနေသေးသည်ဟုပြောသည်။
“ကျွန်တော် အရင်တုန်းကတော့ ခွဲခြားမှုတွေတော့ ရှိပါတယ် အခုနောက်ပိုင်းက နည်းဥပဒေတွေ မသန်စွမ်းဥပဒေတွေ ပေါ်လာပြီး ခွဲခြားဆက်ဆံမှု သိပ်မရှိတော့ဘူး၊ မြန်မာနိုင်ငံရဲ့ မသန်စွမ်းဥပဒေတွေက နဂိုထက်စာရင် မသန်းစွမ်းတွေရဲ့ ဘဝတိုးတက်မှုကို များစွာကာကွယ်ပေးပြီး မသန်စွမ်းတွေရဲ့ ဘဝတွေကိုလည်း များစွာမြှင့်တင်ပေးနေပြီ ဒါပေမဲ့ လိုအပ်ချက်ကတော့ အနည်းငယ်ရှိနေတယ်” ဟု သူကပြောသည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းလူဦးရေ (၂၃) သိန်းကျော်ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ (၄.၆) ရာခိုင်နှုန်းရှိသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်းလူဦးရေ ဒုတိယအများဆုံး ပြည်နယ်ဖြစ်သည်။







