ချင်းပြည်နယ်တွင် ရင်းနှီးမြှပ်နှံမည့် လုပ်ငန်းရှင်များကို မြေပိုင်ဆိုင်ခွင့် ချင်းပြည်နယ် အစိုးရမှ ပေးမည်ဖြစ်ခြင်းကြောင့် နောက်ပြန်ဆုတ်သွားသည့် ရင်းနှီးမြှပ်နှံလိုသည့် လုပ်ငန်းရှင်များ ပြန်လည်ဝင်ရောက်လာသည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ယခင်က ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် လုပ်ငန်းရှင်းများကို အခွန် (၇) နှစ်ကင်းလွတ်ခွင့်ပေးထားသော်လည်း မြေပိုင်ဆိုင်ခွင့်မပေးပဲ နှစ်ရှည်ငှားရမ်းစာချုပ်ဖြင့်သာ ဖိတ်ခေါ်ခဲ့ခြင်းကြောင့် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များမှ တွက်ခြေမကိုက်သည့်အတွက် နောက်ပြန်ဆုတ်သွားရခြင်းဖြစ်သည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျွန်တော်တို့က မြေတွေကိုလည်းနာမည်ပေါက်နဲ့ ပေးမယ်။ အခွန်ခတွေကိုလည်း လျော့ပေးမယ်ဆိုတော့ နောက်ဆုက်သွားတဲ့ ကုမ္ပဏီလေးငါးဆယ်ခု အခုပြန်ဝင်လာပြီ။ အရင်ကစီမံခန့်ခွဲမှု တွေလွဲနေခဲ့တယ်။ ဖြေလျော့မှုလည်းမရှိခဲ့ဘူး။ အခုတော့ဖြေလျော့မယ်။ အခွန်ကင်းလွတ်တာမျိုးတွေမလုပ်ရင် ဘယ်ရင်းနှီးမြှပ်နှံမှုကမှ ကျွန်တော်တို့ချင်းပြည်နယ်ကို ဝင်လာမှာမဟုတ်ဘူး ” ဟုပြောသည်။
သူကဆက်ပြီး “ တစ်ချို့ဆိုရင် ဟိုတယ်ဆောက်တဲ့ အဆင့်ရောက်နေပြီ။ သူ့တို့နာမည်ပေါက်နဲ့ လုပ်ပေးတဲ့အခါကြတော့ ဟားခါး၊ထန်တလန်မှာ ဟိုတယ်တွေဆောက်နေပြီ။ မဆောက်တော့ဘူး လို့နောက်ဆုက်သွားတဲ့ လူတွေလည်း မြေကိုနာမည်ပေါက်ပေးမယ် ဆိုတော့ပြန်ဆက်သွယ်လာကြတယ်။ ကျွန်တော်တို့ချင်းတောင်လိုမျိုးမှာက ဟိုတယ်တစ်လုံးဆောက်မယ် ဆိုရင် သိန်းတစ်သောင်း ၊နှစ်သောင်း၊ သုံးသောင်း ရင်းနှီးမြှပ်နှံပြီး တည်ဆောက်ရတာလေ။ သူ့နာမည်ပေါက်နဲ့ မြေပိုင်ဆိုင်ခွင့်တောင် မရရင် ဘယ်ရင်းနှီးမြှပ်နှံချင်မလဲ။ အခွန်လည်းကင်းလွတ်ခွင့် ပေးရမှာဘဲ ဒါမှလည်း ဒေသကလူတွေ အလုပ်ကိုင်အခွင့်လမ်းရှိလာမယ်” ဟုပြောသည်။
ချင်းအများပိုင်ကုမ္ပဏီဥက္ကဌလည်းဖြစ်၊ သီလဝါအထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှုးဖြစ်သူ ဒေါက်တာရွှေဟိန်းကလည်း “ချင်းပြည်နယ်က ဒီတိုင်းကြည့်ရင်တော့ ကျယ်ပေမယ့် မြေဧရိယာရဲ့ ၃၅ရာခိုင်နှုန်းက သစ်တောဧရိယာအဖြစ်သတ်မှတ်ထားတယ်၊ သစ်တောဧရိယာကအရမ်းကျယ်နေပေမယ့် သစ်တောကနေဝင်တဲ့ ဝင်ငွေက တစ်နှစ်ကို သန်းပေါင်း ၁၅၀၀ လောက်ဘဲရှိတယ်၊ သူ့ဆီကနေရတဲ့ ပမာဏနှင့် အကျယ်အဝန်းက မမျှဘူးဖြစ်နေတယ်၊ အဲဒါကြောင့် သစ်တော ဧရိယာတွေကို မနှမြောဘဲနဲ့ စက်မှုဇုံနေရာတွေအဖြစ်ဖန်တီးပေးသင့်တယ်၊ အရေးကြီးတာကတော့ မြို့တိုင်းမှာ မြေနေရာတွေသတ်မှတ်ပေးပြီးတော့ သူတို့နဲ့သက်ဆိုင်တဲ့ စက်မှုလက်မှု လုပ်ငန်းတွေဖြစ်ဖြစ်၊ ဂျက်ခုတ်လုပ်ငန်းတွေဖြစ်ဖြစ်လုပ်နိုင်အောင်ပေါ့၊ အစိုးရအနေနဲ့ ဘတ်ဂျက်တွေကို လမ်းလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အဦးတွေမှာဘဲ မသုံးဘဲနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေလုပ်နိုင်အောင် အစိုးရက မြေနေရာနှင့် SME ချေးငွေတွေ သေချာလုပ်ပေးနိုင်ရင်တော့ အသေးစားကနေ အလတ်စားလုပ်ငန်းတွေ၊ နောက်ပြီး အကြီးစားစက်မှုရုံတွေအထိ တိုးတက်နိုင်မယ်လို့ထင်တယ်”ဟု ချင်းဝေါလ်နှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်။
အဓိက ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများအဖြစ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း နဲ့ပက်သက်ပြီး ကုမ္ပဏီ ခြောက်ခု၊ ရေးအားလျှပ်စစ် နဲ့ပက်သက်ပြီးတော့လည်းကုမ္ပဏီ လေးငါးခုလျှောက်ထားမှုရှိပြီဖြစ်ကြောင်း စည်ပင်ဝန်ကြီးကပြောသည်။







