ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက်ညီလာခံ ဟားခါးတွင်ကျင်းပ

ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက်ညီလာခံ ဟားခါးတွင်ကျင်းပ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက် (Chin Women Organization Network) ညီလာခံကို နိုဝင်ဘာ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပလျက်ရှိသည်။

အနယ်နယ်အရပ်ရပ်မှ ချင်းအမျိုးသမီးများ ပြန်လည်စုစည်း၍ အမျိုးသမီးတို့၏ ဘဝမြှင့်တင်နိုင်ရေး၊ လူမျိုး၊ နိုင်ငံနှင့် ချင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက်မှ ဥက္ကဌ ဒေါ် Sui Thluai Thang ကပြောသည်။

“ကျွန်မတို့ ဒီလိုတွေ့ဆုံခြင်းအားဖြင့် လက်တွဲညီညီ ကျွန်တို့လူမျိုးနှင့် ပြည်နယ်အတွက် ဘာတွေလုပ်နိုင်မလဲ ဆိုတာတွေကိုစဉ်းစားပြီးတော့ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးမှုနှင့် စိတ်တူကိုယ်တူ ကျွန်မတို့ ပြည်နယ်နှင့် လူမျိုးတွေအတွက် ဘာတွေလုပ်ကြမယ်ဆိုတာကို တက်ကြွစွာနှင့် ပါဝင်ဆွေးနွေးတဲ့အတွက်ကြောင့် တော်တော်လေးကို ပြည်နယ်နှင့် လူမျိုးအတွက် အကျိုးရှိပါမယ်” ဟု ဒေါ် Sui Thluai Thang ကပြောသည်။

၎င်းညီလာခံတွင် အမျိုးသမီးများအတွက် ချင်းဓလေ့ထုံးတမ်းများ၊ ကလေးသူငယ်များနှင့် မိခင်များ  သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ အမျိုးသမီးများအဖွဲ့အစည်း၏ လုပ်ငန်းများ၊ ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက် စည်းမျဉ်းစည်းကမ်းများ အတည်ပြုရန်နှင့် အလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးကောက်ခြင်း စသည်တို့ကို ညီလာခံ (၃) ရက်အတွင်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်းလည်း သူမက ဆက်ပြောသည်။

ညီလာခံတွင် ချင်းပြည်နယ် (၉) မြို့နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် တမူးမြို့နယ်တို့မှလည်း တက်ရောက်လာခဲ့ကြပြီး စုစုပေါင်း အယောက် (၈၀) ကျော် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက်သည် ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံ၏ သဘောတူဆုံးဖြတ်ချက်အရ ဖွဲ့စည်းတည်ထောင်ထားခဲ့ပြီး ချင်းအမျိုးသမီးအဖွဲ့အစည်းများကွန်ယက်ညီလာခံကို ယခင်နှစ် ၂၀၁၇ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ပထမအကြိမ်ကျင်းပခဲ့ကြောင်းလည်း သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...