ကျပ်သိန်းလေးထောင်ကျော်လိမ်လည်မှု လုံးဝမဟုတ်ကြောင်း ဒေါ် Tuan Kil ငြင်းဆို

ကျပ်သိန်းလေးထောင်ကျော်လိမ်လည်မှု လုံးဝမဟုတ်ကြောင်း ဒေါ် Tuan Kil ငြင်းဆို

ကျပ် သိန်းလေးထောင်ကျော် လိမ်လည်မှုနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်တွင် အဖမ်းခံထားရသည့် ဒေါ် Tuan Kil က သူမအပေါ် စွပ်စွဲချက်သည် လုံးဝမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

အိုင်ဇောလ်မြို့ ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ် Tuan Kil သည် နိုဝင်ဘာလ (၁၂) ရက်နေ့က ဗဟိုတရားရုံးတွင် အမှုစစ်ဆေးသည့်အချိန်တွင် ခိုနူမ်းသုန်သတင်းဌာနမှ သွားရောက် တွေ့ဆုံမေးမြန်းရာတွင် သူမက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒေါက်တာရွှေဟိန်းရဲ့ စွပ်စွဲချက်က လုံးဝမဟုတ်ဘူး၊ ငြင်းချင်တာ ဘာဖြစ်လို့လဲဆိုတော့ သူက ကျမပိုက်ဆံအများကြီး လိမ်လည်တယ်၊ ပြီးလို့ရှိရင် ကျမကို သူက အတိုးပေးဖို့ရယ်၊ နည်းနည်းပိုက်ဆံစပ်ဖို့ ပို့ထားတဲ့ဟာကို သူက လိမ်လည်တယ်ဆိုပြီး စွပ်စွဲတာ အဲဒါပါပဲ” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောပြသည်။

ရန်ကုန်မြို့တွင်နေထိုင်သူ ဒေါက်တာရွှေဟိန်းမှ ဒေါ် Tuan Kil ဆိုသူက ၎င်းထံမှ ကျပ်သိန်းလေးထောင်ကျော် ပိုက်ဆံချေးယူထားပြီး ပြန်မဆပ်ဘဲ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည်ဟုဆိုကာ အမှုဖွင့်ဆိုထားပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် အိန္ဒိယရဲများက ပြီးခဲ့သည့် အောက်တိုဘာလ (၂၄) ရက်နေ့က သူမကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သူမကို အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအမှု (Foreigner case) ဖြင့် မီဇိုရမ်အာဏာပိုင်များမှ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံကို ထွက်ပြေးရသည့်အကြောင်းအရင်းမှာ ငွေကြေးလိမ်လည်မှုကြောင့်မဟုတ်ဘဲ အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက်ကြောင့် ထွက်ပြေးရခြင်းဖြစ်သည်ဟု အိုင်ဇောလ်မြို့ ဗဟိုတရားရုံးတွင် ခိုနူမ်းသုန်သတင်းဌာနမှ သွားရောက်တွေ့ဆုံမေးမြန်းရာတွင် ပြောဆိုခဲ့သည်။

“ဒေါက်တာရွှေဟိန်းက CID လည်း ပိုင်တယ်၊ ရဲတွေလည်း ပိုင်တယ်၊ လူဆိုးတွေလည်းပိုင်တယ်၊ ကျမကိုလည်း သူ့လူတွေက သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်၊ အဲ့ဒါကြောင့်ပါ ဘာဖြစ်လို့ မီဇိုရမ်ကို ထွက်ပြေးရသလဲဆိုရင် case အမျိုးမျိုးနဲ့လုပ်မယ်၊ ထောင်ချမယ် သတ်နိုင်တယ်၊ အဲလိုမျိုးခြိမ်းခြောက်တာကြောင့် ကျမရဲ့ အသက်အန္တရယ်ကင်းဖို့အတွက် ဒီကို ထွက်ပြေးတာ ဘာအကြောင်းကြောင့်မှမဟုတ်ဘူး၊ မီဇိုရမ်မှာ လောလောဆယ်တော့ လုံခြုံမှုပိုရှိတယ်၊ မြန်မာပြည်ပြန်တယ်ဆိုလို့ရှိရင် ကျမအတွက် အသက်အန္တရယ်အများကြီးရှိတယ်၊” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာရွှေဟိန်းကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ယခု ရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ဒေါ် Tuan Kil အား မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည်၊ မပေးမည်ကို သေချာမသိရသေးဘဲ အာမခံချက်ဖြင့် လွှတ်နိုင်အောင် ကြိုးစားဆောင်ရွက်နေဆဲဖြစ်ကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်စပ်သူ ပူးချန်းသဲအား က ယခုလို ပြောသည်။

“မြန်မာပြည်ကို ပြန်ပို့ရင် သူ့အတွက် အသက်အန္တရယ်စိုးရိမ်ရတယ်၊ ဒီအကြောင်းကို ရှေ့နေနဲ့ တရားသူကြီးကိုလည်း ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားဖြစ်တယ်။ လောလောဆယ် အာမခံနဲ့ထုတ်ဖို့ ကြိုးစားနေဆဲဖြစ်တယ်”ဟု ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...