နေရပ်ပြန်လိုသည့် ချင်းဒုက္ခသည်များကို ချင်းလူမှုရေးအသင်းနှင့်အစိုးရတို့ ပူးပေါင်းကူညီရန် သဘောတူ

နေရပ်ပြန်လိုသည့် ချင်းဒုက္ခသည်များကို ချင်းလူမှုရေးအသင်းနှင့်အစိုးရတို့ ပူးပေါင်းကူညီရန် သဘောတူ

မလေးရှားနှင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလုံခွင့်ပေးတော့မည် မဟုတ်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်ကြောင့် နေရပ်ပြန်လာချင်သည့် ချင်းဒုက္ခသည်များကို ရန်ကုန်အခြေစိုက် ချင်းလူမှုရေးအသင်း (All Chin Society – Yangon) နှင့် အစိုးရအဖွဲ့ပူးပေါင်းကာ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်သွားရန် သဘောတူကြသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ All Chin Society – Yangon အသင်းမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၃) ရက်နေ့က နိုင်ငံတော် ဒု-သမ္မတ ဦးဟင်နီရီဗန်ထီးယူနှင့် သွားရောက်တွေ့ဆုံခဲ့ကြပြီး နိုင်ငံခြားရောက် ချင်းဒုက္ခသည်များနှင့် ပတ်သက်၍ (ACSY) နှင့် အစိုးရအဖွဲ့တို့ ပူးပေါင်းကာ ကူညီဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်ဟု (ACSY) ဥက္ကဌ ဦးပီတာကျူံးကပြောသည်။

“UN ရဲ့ ထုတ်ပြန်ချက်ကြောင့် တချိူ့တွေက ပြန်လာချင်ကြတယ် ပြန်လာချင်ပေမယ့် ကြောက်ကြတာပေါ့လေ လေဆိပ်မှာ ဖမ်းမှာစိုးလို့ဆိုပြီး ကြောက်တဲ့သူတွေ ရှိတာပေါ့နော် ပြီးတော့ တစ်ချိူ့လူတွေက မြန်မာပြည် ရောက်လာတဲ့အခါမှာလည်းပဲ အိမ်ထောင်စုစာရင်းတို့၊ မှတ်ပုံတင်တို့ ရဖို့ကလည်း ခက်ခဲမယ် ပြီးတော့ တစ်ချိူ့လူတွေက ပြန်လာရင် ဘယ်မှာနေရမလဲပေါ့လေ အဲလိုမျိူး စိုးရိမ်တဲ့လူတွေရှိတယ် သူတို့ပြန်လာမယ် သူတို့က ကျနော်တို့ကို အကူအညီတောင်းမယ်ဟေ့ဆိုရင်တော့ ကျနော်တို့ဘက်ကနေ တတ်နိုင်တဲ့နည်းလမ်းအားလုံးကို ရှာဖွေပြီး အစိုးရနဲ့ ပူးပေါင်းပြီး ကူညီသွားမှာပါ၊ ဒါပေမယ့် သူတို့ဘက်ကတောင်းဆိုမှပဲ ကူညီမှာပေါ့နော်’’ ဟု ဦးပီတာကျူံးကပြောသည်။

ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုများရှိလာခြင်းကြောင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးတော့မည်မဟုတ်ကြောင်း UNHCR က ပြီးခဲ့သည့် ဇွန်လအစောပိုင်းက ထုတ်ပြန်ခဲ့သည်။

UNHCR ၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာ နည်းလမ်း (၂) ခုရှိပြီး ပထမတစ်ခုမှာ လက်ရှိကိုင်ဆောင်ထားသော UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ (၃၁) အထိ ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ (၁) ရက်နေ့တွင် အဆိုပါ Card သည် အလိုအလျောက် ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ နိုင်ငံတကာ၏ အကာကွယ်ပေးမှု ဆက်လက်လိုအပ်သေးသည်ဟု မိမိကိုယ့်ကိုယူဆလျင် UNHCR နှင့် တွေ့ဆုံမေးမြန်းခြင်း ခံယူရမည်ဖြစ်ပြီး နှစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။ ယင်းအကြောင်းပြန်ကြားချက်အပေါ်မူတည်ပြီး ယခုလက်ရှိနေထိုင်သည့်နိုင်ငံတွင် ဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကို ထွက်ခွါဖို့ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရမည်ဖြစ်သည်။

ချင်းဒုက္ခသည်များအပေါ် UNHCR ၏ ဆုံးဖြတ်ချက်ကို မလေးရှားနှင့် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေကြသည့် ချင်းဒုက္ခသည်များကလည်း ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြသကဲ့သို့ ချင်းလူ့အခွင့်အရေးအဖွဲ့၊ နိုင်ငံရေးပါတီများကလည်း အဆိုပါဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းရန် UNHCR ကို တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ယခုလက်ရှိတွင် မလေးရှားနိုင်ငံ၌ ချင်းဒုက္ခသည် သုံးသောင်းခန့် နှင့် အိန္ဒိယနိုင်ငံတွင် ငါးထောင်ခန့် ရှိသည်ဟု သိရသည်။

All Chin Society – Yangon အသင်းကို ရန်ကုန်အခြေစိုက် ချင်းမျိူးနွယ်စုအဖွဲ့အစည်း (၁၉) ဖွဲ့မှ ၂၀၁၇ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံခြားရောက် ချင်းဒုက္ခသည်များအနေဖြင့် All Chin Society – Yangon ထံ အကူအညီ တောင်းခံလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

ဦးပီတာကျုံး (ဥက္ကဌ) ဖုန်း – 095409980

ဦးနိုင်ထန်း (အတွင်းရေးမှူး) ဖုန်း – 09420286734

ဦးဝုန်ဆွင်းထန် (ဒါရိုက်တာ), လူ့အခွင့်အရေးဆိုင်ရာဆပ်ကော်မတီ, ဖုန်း – 09254948754

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...