ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထန်နှီာရ်ကျေးရွာတွင် တည်ရှိသော အာဇာနည်သူရဲကောင်း ဗိုလ်မှူးကြီး စည်သူ ဟရန်ထီးယိုး၏ အုတ်ဂူကို လုံပီးရွာဖက်သို့ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။
ထန်နှီာရ်ကျေးရွာသည် ၂၀၁၅ ခုနှစ် သဘာဝဘေးဒဏ်ကြောင့် ကျေးရွာနေဒေသခံပြည်သူများသည် လုံပီးဖက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ဗိုလ်မှူးကြီး စည်သူဟရန်ထီးယိုး၏ အုတ်ဂူကိုလည်း ၎င်းတို့ပြောင်းရွှေ့သည့်ဒေသသို့ ရွှေ့ပြောင်းထားရန် ဗိုလ်မှူးကြီး၏ မိသားစုဝင်များမှ စီစဉ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ဗိုလ်မှူးကြီး စည်သူဟရန်ထီးယိုး၏ တူတော်စပ်သူ သိက္ခာတော်ရဆရာတော် ဦး Don Hre Dun က “ရွာက မုန်တိုင်းကြောင့် အကုန်လုံး၊ တရွာနည်းပါးလုံး ပြိုကျသွားတာကိုး အဲဒီတော့ တစ်ရွာလုံးဟာ ရွာသစ်မှာအကုန်လုံးပြောင်းရွှေ့သွားကြပြီ ကြည့်ရှုစောင့်ရှောက်မယ့်သူလည်းမရှိဘူး နောက်ပြီးတော့ အုတ်ဂူတွေကလည်းပြိုသွားတယ် အဲဒါကြောင့်ပါ၊ မြို့သစ်မှာ စည်ပင်တွေရဲ့ပန်းခြံမှာ သူတို့ကိုအကူအညီတောင်းထားတယ် ကျွန်တော်တို့က အဲဒီရွာသစ်မှာ မြေတွေတူူးပြီးသား အကုန်လုံးစီစဉ်ပြီးသားပေါ့ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ တခြားနေရာပေးပါမယ်ဆိုလို့ သူတို့လိုချင်တဲ့နေရာမှာရွှေ့ပေးဖို့ သဘောတူထားတယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။
ပြောင်းရွှေ့ရန်လျာထားသည့် မြေနေရာသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသစ်ဆောက်လုပ်ရန်လျာထားသည့် မြေနေရာနှင့် မလွတ်သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ဗိုလ်မှူးကြီး၏ မြေးများနှင့် အောက်တိုဘာ (၂၉) ရက်နေ့ မွန်းလွဲ (၁) နာရီက အဆိုပါရုံးတွင် တွေ့ဆုံကာ ဗိုလ်မှူးကြီးအုတ်ဂူအတွက် မြေနေရာအသစ် ချထားပေးရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ယင်းအစားထိုးမြေနေရာအတွက် လက်ရှိတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများက စီစဉ်ပေးထားခဲ့ပြီဖြစ်ပြီး မြေနေရာအတိအကျကိုတော့ မကြာခင်သိရမည်ဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။
ဗိုလ်မှူးကြီးဟရန်ထီးယိုး၏အုတ်ဂူကို ကျပ်ငွေသိန်း (၁၀၀) အကုန်အကျခံကာ ဆောက်လုပ်မည်ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် ဖလမ်းမြို့၊ မြို့နယ်ခန်းမတွင် စျာပနအခမ်းအနား ပြုလုပ်ကြမည်ဟု ဖလမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ဗိုလ်မှူးကြီး ဟရန်ထီးယိုးသည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထန်နှီာရ်ကျေးရွာတွင် ၁၉၁၉ ခုနှစ်က အဘ ဦး Bawi Kulh၊ အမိ ဒေါ် Do Thluai တို့က မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် မေမြို့ရှိ ဗမာ့သေနတ်ကိုင်တပ်ရင်း အမှတ် (၂) ၌ တပ်သားအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။
ထို့နောက် အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်း တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများ၊ လွတ်လွပ်ရေးခေတ်ဦး ရောင်စုံသူပုန်ခေတ်ကာလများတွင် ပြည်သူ့တပ်မတော်သားပီသစွာဖြင့် ရန်သူများအား တိုက်ခိုက်ချေမှုန်းခဲ့သည်။
၁၉၄၉ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့တွင် မှော်ဘီမြို့နယ်၊ လှပဒါးရွာတိုက်ပွဲ၌ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သြဂုတ်လ (၈) ရက်နေ့ နံနက် (၅) နာရီခွဲအချိန်တွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ အသက် (၂၉) နှစ်အရွယ်တွင် နိုင်င့ံအတွက် အသက်စွန့်သွားခဲ့ကြောင်းသိရသည်။
ဗိုလ်မှူးကြီး၏ ရုပ်ကလာပ်ကို နိုင်ငံတော်စျာမနအခမ်းအနားဖြင့် သဂြိင်္ုလ်ခဲ့ကြသည်။







