ချင်းပြည်နယ်တွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်းမည်

ချင်းပြည်နယ်တွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်းမည်

ချင်းပြည်နယ်တွင် မွေးကင်းစကလေးငယ်များ စွန့်ပစ်မှုကာကွယ်တားဆီးနိုင်ရေးအတွက် ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို ချင်းပြည်နယ်မြို့နယ် ၉ မြို့နယ်တွင် စနစ်တကျဖွဲ့စည်းသွားမည်ဟု သိရသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းက ဟာားခါးမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အကြိုဟောပြောဆွေးနွေးပွဲတရပ်ကျင်းပပြုလုပ်ကာ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းကို မြို့နယ်အလိုက် အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများပူးပေါင်းကာ ဖွဲ့စည်းသွားရန်မည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။ 

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွန်ချက်အရ တစ်နိုင်ငံလုံးကိုကြည့်တဲ့အခါမှာ ရင်ခွင့်မဲ့ကလေးငယ်များရှိတယ်ပေါ့နော် စွန့်ပစ်ကလေးတွေရှိသေးတယ် အဲဒါကြောင့် ဒီဟာတွေကို ကာကွယ်နိုင်ဖို့ လျော့ချနိုင်ဖို့ဆိုပြီး လမ်းညွန်ချက်ရှိခဲ့ပါတယ်၊ပြည်ထောင်စုအဆင့်မှာကော်မတီဖွဲ့ထားတာရှိတယ် ပြည်နယ်အဆင့်မှာတော့ ကျနော်တို့မဖွဲ့နို်င်သေးဘူး အဓိကတော့ အောက်ခြေကနေ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်တွေမှာဖွဲ့စည်းပြီးတော့ ဆောင်ရွက်ဖို့ပေါ့နော် စီစဉ်တာဖြစ်တယ် ပထမအကြိမ်ကတော့ ကျနော်တို့ရှင်းပြတာပေါ့နော် စိတ်ဝင်စားတဲ့သူတွေပါလာအောင်ပေါ့နော် အဓိကတော့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပါ၊ ကျနော်တို့အစိုးရအနေနဲ့ကတော့ ပံ့ပိုးကူညီဖို့ပေါ့နော်’’ ဟု ဝန်ကြီးပေါင်လွန်မင့်ထန်ကပြောသည်။ 

ယခုကဲ့သို့ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်းနိုင်ရေးအကြိုဟောခြင်းကို ချင်းပြည်နယ် မြောက်ပိုင်း မြို့နယ် ၅ ခုတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း အခြားမြို့နယ်များသို့လည်းဆက်လက်ပြုလုပ်ကာ စိတ်ပါ ဝင်စားသည့် ပရဟိတလုပ်ကိုင်နေသည့်အဖွဲ့အစည်းများနှင့် တစ်မြို့နယ်လျင် (၅) ဦးကော်မတီစီဖြင့် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားမည်ဟုသိရသည်။ 

ချင်းပြည်နယ်မြို့နယ်တိုင်းတွင် ကော်မတီများဖွဲ့စည်းပြီးပါက စွန့်ပစ်ကလေးငယ်များ လျှော့ချနိုင်ရေး ပညာပေးလုပ်ငန်းများကို အဓိကလုပ်ဆောင်ကြမည်ဖြစ်ကြောင်း အကယ်၍ရှိလာပါက ကူညီစောင့်ရှောက်သည့်အပိုင်းကိုလည်း လုပ်ဆောင်သွားမည်ဟု ဝန်ကြီးပေါင်လွန်မင့်ထန်ကပြောသည်။ 

“အသင်းရဲ့ရည်ရွယ်ချက်ကလည်း ရင်ခွင်မဲ့ကလေးများဖြစ်ခြင်းကိုလျှော့ချရန်နှင့် ကာကွယ်စောင့်ရှောက်ရန်ဆိုပြီး ရည်ရွယ်ချက် ၂ ခုရှိတယ် အဲဒီရည်ရွယ်ချက်အပေါ်မှာ ကိုယ့်မြို့နယ်အလိုက် ပညာပေးမှုတွေလုပ်ရမယ် ရှိတဲ့နေရာမှာလည်းလျှော့ကျအောင် မရှိတဲ့နေရာမှာလည်း မရှိလာအောင် တကယ်လို့ဖြစ်လာပြီ ရှိလာပြီဆိုရင် ကူညီစောင့်ရှောက်မယ်’’ ဟု ဝန်ကြီးကပြောသည်။ 

ယနေ့ကျင်းပသည့် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်းရေး အကြိုဟောပြောပွဲတွင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနှီယာရ်အုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီ ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပရဟိတအဖွဲ့များမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...