မော်လမြိုင်မြို့ပေါ် သေနတ်ပစ်ခတ်မှုတွင် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ဝင်မဟုတ်ကြောင်းငြင်းဆို

မော်လမြိုင်မြို့ပေါ် သေနတ်ပစ်ခတ်မှုတွင် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ဝင်မဟုတ်ကြောင်းငြင်းဆို
နိုင်ပိုက်ထွေး ကိုင်ဆောင်ထားသည့်ကဒ်ပြား(Copy)
နိုင်ပိုက်ထွေး ကိုင်ဆောင်ထားသည့်ကဒ်ပြား(Copy)

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက်ပိုင်းက ယာဉ်ထိန်းရဲအား သေနတ်ပစ်ခတ်မှုကျူးလွန်သူ နိုင်ပိုက်ထွေး ဆိုသူမှာ မိမိတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့(စစ်ဦးစီး) ဗိုလ်မှူးကြီး နိုင်ရောင်က ငြင်းဆိုလိုက်သည်။

နိုင်ပိုက်ထွေး ကိုင်ဆောင်ထားသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ကဒ်ပြားသည်လည်း အတုဖြစ်ကြောင်း ၄င်းက မော်လမြိုင်အခြေစိုက် မီဒီယာများကို ပြောသည်။

“ကျွန်တော်တို့ နဂိုလ်ကတည်းကသတ်မှတ်ပြီးသား မြို့ထဲဝင်ရင် သေနတ်မကိုင်ဘူး၊ ကျွန်တော်တို့နယ်မြေမှာ ပဲကိုင်တယ်၊ အခုကိစ္စမှာကျွန်တော်တို့ သူ့ကိုတွေ့ရင်တော့ တရားစွဲမှာပဲ အဲလိုမျိုးအတုအယောင်နဲ့ ကျွန်တော်တို့ အဖွဲ့အစည်းနာမည်ကို ဖျက်စီးနေတဲ့သဘောဖြစ်နေတယ်” ဟု ဗိုလ်မှူးကြီး နိုင်ရောင်က ဆိုသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ကဒ်ပြားကိုင်ဆောင်ထားသည့် နိုင်ပိုက်ထွေး ဆိုသူသည် အောက်တိုဘာ ၁၄ ရက်နေ့နံနက်တွင် မုဒုံဘက်မှ မော်လမြိုင်သို့ လိုင်စင်မဲ့မော်တော်ယဉ်တစ်စီးကို မောင်းနှင်လာစဉ် ဒေါင်းဇရပ်မီးပွိုင့်အရောက် တာဝန်ကျ ယာဉ်ထိန်းရဲများ၏ စစ်ဆေးမှုကိုရှောင်တိမ်းပြေးထွက်ခဲ့ခြင်း ဖြစ်သည်။

ထိုနောက် မော်လမြိုင်လေဆိပ်အနီးရှိ မြိုင်သာယာရပ်ကွက် သမိန်ဗရမ်းလမ်းနှင့် ဦးစစ်မောင်လမ်းထောင့် အရောက်တွင် ပိတ်ဆို့ထားသည့် ယာဉ်ထိန်းရဲဆိုင်ကယ်ကို ကားဖြင့်တိုက်ပြီး သေနတ်ဖြင့် ၄ ချက်ထည့်မနည်းပစ်ခတ်သဖြင့် ယာဉ်ထိန်းရဲတပ်ကြပ် မျိုးဇော်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“လောလောဆယ်ဒီကဒ်ပြားဟာ အမှန်အကန်ဟုတ်မဟုတ်တော့ ကျွန်တော်တို့ စိစစ်သွားမှာပါ၊ စိစစ်ပြီးတော့ ဒီကဒ်နဲ့ ပတ်သက်ပြီး၊ မှန်ကန်တယ်ဆိုရင်လည်းမှန်ကန်တဲ့အတိုင်း မမှန်ကန်ဘူးဆိုရင်လည်း မမှန်ကန်တဲ့အတိုင်း ကျွန်တော်တို့ ဆက်လက်အရေးယူသွားမှာပါ” ဟု မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူ နိုင်ပိုက်ထွေး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ပိိုက်စိတ်တိုက်ရှာဖွေလျက်ရှိပြီး ၄င်းနှင့်အတူ မော်တော်ကားပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကိုလည်း ရဲစခန်းတွင် ထိန်းသိမ်း၍ စစ်ဆေးလျက်ရှိသည်။

ထို့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ နိုင်အိုက်ချမ်း၊ နိုင်ရောင်တို့အား ယနေ့ညနေပိုင်းက ခေါ်ယူတွေ့ဆုံစဉ် သေနတ်ပစ်ခတ်မှုကျူးလွန်သူ နိုင်ပိုက်ထွေးကို ၂၄ နာရီအတွင်း ဖမ်းဆီးခေါ်ဆောင်လာရန် သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

January 12, 2026
ဇန်နဝါရီ ၁၁ ရက်နေ့ ယမန်နေ့က မြို့နယ် (၅) မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက်ပွဲတွင်...
January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...
January 7, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို...