ဖားအံ၊ ဖလုံပညာ့တဝေါင့်၏ ဒုတိယအကြိမ် လှေလှော်ပြိုင်ပွဲ ကျင်းပပြီးစီး

ဖားအံ၊ ဖလုံပညာ့တဝေါင့်၏ ဒုတိယအကြိမ် လှေလှော်ပြိုင်ပွဲ ကျင်းပပြီးစီး
by -
စောရှား

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖလုံပညာ့တဝေါင့် (လှာကမြင်/ကော့ထော်ကျေးရွာအုပ်စု)၏ ဒုတိယအကြိမ်မြောက် တော်သ လင်းလ၊ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို လှာကမြင်-ယသဝေါ် အင်းတွင် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်နေ့ တို့တွင် ပြုလုပ်ပြီးစီးသွားခဲ့သည်ဟု သိရသည်။

နှစ်ရက်တာပြုလုပ်သွားသည့် လှေလှော်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ၅ တက်လှော်နှင့် အမျိုးသား၊ အမျိုး သမီး ၃ တက်လှော် ဟူ၍ ပြိုင်ပွဲ ၄ ပွဲ ယှဉ်ပြိုင်ခဲ့ကြသည်ဟု ပွဲတော်ကျင်းပရေးနာယက၊ တောင်ကလေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအုပ် ဦးဥတ္တမ(မာန်နာဲဃှီ့)က ယနေ့ အောက်တိုဘာ ၈ ရက်နေ့တွင် ကေအိုင်စီသို့ မိန့်ကြားခဲ့သည်။

ပထမဆုများကို အမျိုးသားလှော်တက် ၅ ယောက်ပြိုင်ပွဲတွင် ပျံလွှားအဖွဲ့(ပါရိုရွာ)မှလည်းကောင်း၊ အမျိုးသမီး ၅ တက်လှော်ပွဲတွင် စံပယ်ဖြူအဖွဲ့(နတ်ကျွန်းရွာ)၊ အမျိုးသား ၃ တက်လှော်ပွဲတွင် ဖလုံမေးခလိအဖွဲ့(ဆိပ်ဖူးရွာ)၊ အမျိုးသမီး ၃ တက်လှော်ပွဲတွင် ဒေါ်အေးလှိုင်အဖွဲ့(ယသဝေါ်ရွာ)မှလည်းကောင်း အသီးသီးရရှိသွားခဲ့သည်ဟု သိရသည်။ 

လှေလှော်ပြိုင်ပွဲတွင် ဖားအံမြို့နယ်၊ မြို့တွင်းရပ်ကွက်နှင့် လှိှုင်းဘွဲမြို့နယ်အတွင်းရှိ အသင်း စုစုပေါင်း ၅၈ သင်း ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားလှော်တက် ၅ ယောက်ပြိုင်ပွဲတွင် ၂၄သင်း၊ အမျိုးသမီး ၅ တက်လှော်ပွဲတွင် ၇ သင်း၊ ကျား ၃ တက်လှော် ၁၇ သင်း၊ အမျိုးသမီး ၃ တက်လှော် ၁၀ သင်းတို့မှ မီတာ ၅၀၀ အကွာအဝေးကို ယှဉ်ပြိုင်သွားကြခဲ့ခြင်းလည်းဖြစ်သည်။

လှော်တက် ၅ ယောက်ပြိုင်ပွဲများအတွက် ပထမဆုကို ကျပ် ၃ သိန်း၊ ဒုတိယဆုကို ၂ သိန်းနှင့် တတိယဆုကို ၁ သိန်းချီးမြှင့်ခဲ့ပြီး လှော်တက် ၃ ယောက်ပြိုင်ပွဲများအတွက် ပထမဆုကို ကျပ် ၂ သိန်း၊ ဒုတိယဆုကို ၁ သိန်း နှင့် တတိယဆုကို ၇ သောင်း စသည့်ဆုအသီးသီးချီးမြှင့်သွားခဲ့သည်ဟု သိရသည်။

ဖားအံမြို့နယ်၊ ဖလုံပညာ့တဝေါင့်ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသော ဒုတိယ အကြိမ်မြောက် တော်သလင်းလ၊ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအတွက် ကရင်ပြည်နယ်၊ အားကစားနှင့် ကာယ ပညာဦးစီးဋ္ဌာနမှ တာဝန်ရှိသူများလည်း လာရောက်ကူညီပေးသွားခဲ့သည်ဟု ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲကို မိမိတို့၏ ရိုးရာဘဝဓလေ့၊ မြန်မာ့ ၁၂ ရာသီ ရိုးရာပွဲတော်နှင့် တော်သလင်းလ လှေလှော်ပြိုင်ပွဲတို့၏  အစဉ်အလာကောင်းများကို မမေ့မပျောက်ဘဲ ထိန်းသိမ်းဖော်ထုတ်မြှင့်တင်နိုင်ရန်အပြင် ငြိမ်းချမ်းရေး၊ စည်းလုံး ညီညွတ် ရေး၊ သာယာဝပြောရေးစသည့် တည်ငြိမ်အေးချမ်းသာယာသည့် လူ့ဘဝကို တည်ဆောက်မြှင့်တင်ပေးနိုင်ရန် အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ဦးဥတ္တမက မိန့်ခဲ့သည်။

ဖလုံပညာ့တဝေါင့်၏ ပထမအကြိမ် လှေလှော်ပြိုင်ပွဲကို ကရင်ပြည်နယ်ရှိ အထင်ကရ ဆရာတော်တစ်ပါးဖြစ် သည့် တောင်ကလေးဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း)၏ ဝိဇာတ(မွေးနေ့) မင်္ဂလာနှင့် ပါရမီ တံတားဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ယမန်နှစ်(၂၀၁၇ ခုနှစ်)၊ ဇူလိုင်လတွင် ကျင်းပခဲ့ကြသည်။ 

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...