ကွယ်လွန်သူ မွန်အမျိုးသားခေါင်းဆောင်ကြီး " နိုင်ငွေသိမ်း " စျာပနအခမ်းအနားအား ရေးဝေသုဿာန်၌ စနေနေ့တွင် ကျင်းပမည်

ကွယ်လွန်သူ မွန်အမျိုးသားခေါင်းဆောင်ကြီး " နိုင်ငွေသိမ်း " စျာပနအခမ်းအနားအား ရေးဝေသုဿာန်၌ စနေနေ့တွင် ကျင်းပမည်
မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း(ဓါတ်ပုံ-Talacham)
မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း(ဓါတ်ပုံ-Talacham)

မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း အသက် (၉၆) နှစ်၏ စျာပနအခမ်းအနားအား ရန်ကုန်မြို့ ရေးဝေးသုဿာန်ခန်းမ (၁-က)၌ အောက်တိုဘာ ၆ ရက် စနေနေ့၊ မွန်းလွဲ (၃) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညနေ (၄) နာရီ၌ မီးသဂြိုင်္လ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုဝင်များမှ သိရသည်။

နိုင်ငွေသိမ်းသည် ရန်ကုန်မြို့ နေအိမ်၌ အောက်တိုဘာလ ၂ ရက် အင်္ဂါနေ့ ညနေ (၅:၅၂) အချိန်ခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်ဒေသမှ မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိမ်း စျာပနကျင်းပရေးကော်မတီဝင် နိုင်လယီတမက “ ရန်ကုန်စျာပနသွားဖို့အတွက် အောက်တိုဘာ ၆ ရက်နေ့ မနက် ၆ နာရီ မော်လမြိုင် မွန်ဓမ္မာရုံကနေ အားလုံးစုပြီးထွက်ကြမယ်၊ တစ်မြို့နယ် အယောက် ၅၀ လောက် အနည်းဆုံးခန့်မှန်းထားတယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီဘက်ကလည်း လာကြမယ်” ဟု ပြောသည်။  

အဆိုပါ စျာပနအခမ်းအနားကျင်းပပြီးစီးသည့်အခါ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ နိုင်ငွေသိမ်းနေအိမ်၌ အောက်တိုဘာ ၈ ရက်နေ့တွင် ရက်လည်ဆွမ်းကျွေးမည်ဟု ဆိုသည်။

ထိုနောက် နိုင်ငွေသိမ်း၏ အရိုးအိုးကို မော်လမြိုင်မွန်ဓမ္မာရုံ၌ ယာယီထားရှိသွားမည်ဖြစ်ပြီး ကွယ်လွန်သူ မွန်ခေါင်းဆောင် နိုင်ထွန်းသိန်းနှင့် နိုင်သိမ်းမောင်တို့၏ ပေါင်မြို့ရှိအုတ်ဂူအနီးတွင် အတူမြှုပ်နှံရန် စီစဉ်ထားသည်။

နိုင်ငွေသိမ်းသည် (၁၉၂၃) ခုနှစ် မတ်(၁၉)ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၌ အဖ နိုင်သာဒွန်းအောင်၊ အမိ မိငွေသုန်တို့မှ မွေးဖွားခဲ့ပြီး အသက် (၁၅) နှစ်အရွယ် ဖျာပုုံမြို့ အထက်တန်းကျောင်းသားဘဝတွင် နယ်ချဲ့ဆန်ကျင်ရေး ကျောင်းသားသပိတ်စတင်ဆင်နွဲခဲ့သူ ဖြစ်သည်။

နိုင်ငွေသိမ်းသည် မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်၊ မွန်အမျိုးသားဒီမိုကရေစီပါတီ ဒုဥက္ကဌ၊ မွန်ဒီမိုကရေစီပါတီဥက္ကဌ၊ မွန်အမျိုးသားပါတီ ဥက္ကဌနှင့် ဂုဏ်ထူးဆောင်နာယက အသီးသီးတို့ကို တာဝန်ပေးအပ်ခြင်း ခံရသူဖြစ်သည်။

သူ၏ ဘဝဖြစ်စဉ်တစ်ခုလုံး၌ နိုင်ငံရေးနှင့် မွန်အမျိုးသားရေးကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သဖြင့် ထောင်အလီလီကျခံခဲ့ရသော ဝါရင့်နိုင်ငံရေးသမား မွန်အမျိုးသားခေါင်းဆောင်အဖြစ် မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားသူတစ်ဦးဖြစ်သည်။

ကွယ်လွန်ချိန်တွင် တစ်ဦးတည်းသောသား မင်းတင်နိုင်ဦး(Norstar Cerw Management Co., Ltd) ချွေးမ ဒေါ်စုစုဝင်း နှင့် မြေး မင်းပိုင်မျိုးခန့်တို့ ကျန်ရစ်သည်။

January 13, 2026
စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမည်မဟုတ်သည့်အတွက်...
January 12, 2026
ဇန်နဝါရီ ၁၁ ရက်နေ့ ယမန်နေ့က မြို့နယ် (၅) မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက်ပွဲတွင်...
January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...